မြောက်ဦး၊ ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ ခုမှာ အရပ်သားပြည်သူ ၉ ဦးကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ မြောက်ဦးအခြေစိုက် ခမရ-၃၇၈ တပ်ရင်းမှ မတရားဖမ်းဆီးထားတဲ့ မြောက်ဦးမြို့နယ်မှ အရပ်သား ၇ ဦးကို အချုပ်ခန်းထဲမှာ ရက်ရက်စက်စက် မသေမချင်းသေ နတ်နဲ့ ပစ်သတ်ခဲ့ပြီး ရုပ်အလောင်းတွေကို တပ်ရင်းဆေးရုံအနီးက ဗုံးခိုကျင်းထဲမြှုပ်ကာ အလောင်းဖျောက်ဖျက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတ်ဖြတ်ခံရတဲ့ အရပ်သား ၇ ဦးဟာ သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ ကိုကျော်ဇံဝေ၊ ကို ကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွှန့်၊ ကိုဝင်းနိုင်နဲ့ ကိုပြည်စုံဝင်းတို့ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA က အသိပေးထားပါတယ်။

ဒါအပြင် မင်းပြားအခြေစိုက် ခမရ-၃၇၉ တပ်ရင်းက လုပ်ကြံစွပ်စွဲချက်မျိုးစုံနဲ့ ပုဒ်မအမျိုးမျိုးတပ်ကာ မတရားဖမ်းဆီးထားတဲ့ ရသေ့တောင်မြို့နယ်မှ ကိုညီညီအောင်၊ မင်းပြားမြို့နယ်မှ ဦးကျော်ညွှန့်တို့ကိုလည်း ဇန်နဝါရီ ၁၉ ရက်နေ့က အချုပ်ခန်းထဲမှာ မသေမချင်း သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်က အရပ်သား ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ လုပ်ရပ်ပေါင်းများစွာကို ရခိုင်နဲ့ပလက်ဝဒေသတွေမှာသာမက မြန်မာနိုင်ငံအနှံ့မှာ စစ်ကောင်စီက ဗြောင်ကျကျ ဆက်တိုက်ကျူးလွန်နေတယ်လို့ AA က ဆိုထားပါတယ်။

ရခိုင်ပြည်သူ့အစိုးရအနေနဲ့ အဲဒီလို စစ်ရာဇဝတ်မှု ကျူးလွန်နေသူတွေကို ကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ အ ညီ ပြစ်ဒဏ်ပေးသွားမှာဖြစ်ပြီး ကျူးလွန်ခံရတဲ့ ကာယကံရှင်နဲ့ မိသားစုတွေအတွက် တရားမျှတမှု ရရှိအောင် ထိရောက်ပြတ်သားစွာ ဆောင်ရွက်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.