သထုံ၊ ဖေဖော်ဝါရီ ၁၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့သထုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သုံးခု ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ တော် လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တွေထံက သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်မှာ သထုံမြို့နယ် ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းဗုံး ၄ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

ဒရုန်းဗုံးချတိုက်ခိုက်ခံရတာကြောင့် ရဲနဲ့စစ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ရော်ဘာအစေးကောက်နေတဲ့ ဒေသ ခံအမျိုးသမီးတစ်ဦး ကျည်ထိ မှန် ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ အဲဒီနေ့ မနက် ၁၀ နာရီအချိန်ခန့်ကလည်း ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်နဲ စစ်တောင်းတံတား စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး ၆ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်သေဆုံးနိုင်တယ်လို့ ပူးပေါင်းစစ်ဆင်ရေးမှာပါဝင်တဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ဆေးရေးဂိတ်တွေဟာ ခရီးသွားပြည်သူထံကနေ ငွေကြေးအဆမတန် တောင်းခံတာ၊ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အတွက် နာမည်ဆိုးနဲ့ ကျော်ကြားတာပါ။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ် ဆေးရေးဂိတ် ၂၀ ထက်မနည်း တိုးချဲ့ဖွင့်ထားသလို ပိတ်ဆို့စစ်ဆေးမှုတွေ တိုးမြှင့်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.