မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃

စစ်မှုထမ်းဥပဒေပြဌာန်းချက်ကြောင့် စစ်မှုမထမ်းလိုတဲ့လူငယ်တွေဟာ ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေထံ ရရာနည်းလမ်းနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ထွက်ခွာမှု ဆိုးဆိုးဝါးဝါး မြင့်တက်လာနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးကူညီနေသူတွေက သုံးသပ်ပါတယ်။

နိုင်ငံအနှံ့ နေရာတိုင်းနီးပါး စစ်ရှုံးမှုနဲ့အတူ တပ်အင်အားပြုန်းတီးမှု အကြီးအကျယ် ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲနဲ့ စတင်အာဏာတည်စေရမယ်လို့ ကြေညာလိုက်ပါတယ်။

စစ်မှုထမ်းဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဟာ အသက် ၁၈ နှစ်က‌နေ အသက် ၃၅ နှစ်အထိ မဖြစ်မနေ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမယ့် အခြေအနေနဲ့ ကြုံနေရတာပါ။

ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်းရဲ့ ပြောခွင့်ရသူ ဦးအောင်ကျော်က လူ ငယ်တွေအများစုဟာ စစ်ကောင်စီရဲ့ စစ်သားအဖြစ် နိုင်ငံ့တာဝန်ထမ်းဆောင်ဖို့ဆိုတာ လုံးလုံးစိတ်မရှိတဲ့အတွက်ကြောင့် ရရာနည်းလမ်းနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကိုယ့်ဘဝရဲ့လွတ်မြောက်ရာလွတ်မြောက်ကြောင်း သူ့(စစ်ကောင်စီ)ဆီမှာလည်း တာဝန်မထမ်းဆောင်ချင်ဘူး။ သူတို့ဖမ်းတာ ဆီးတာထောင်ချတာလည်း မခံချင်တဲ့အတွက်ကြောင့် တွန်းအားပေး လိုက်သလိုဖြစ်ပြီးမှ ပြည်ပနိုင်ငံတွေကို ဒီထက်ပိုမိုပြီး ထွက်သွားလိမ့်မယ်လို့ ကျွန်တော်သုံးသပ်မိပါတယ်။ သူ့(စစ်ကောင်စီ)ဆီမှာ တာဝန်မထမ်းဆောင်ချင်တာ။ သူ့ကိုလည်း ကျွန်တော်လက်ခံပြီးမှ ထောက်ခံနေတဲ့ ပြည်သူပြည်သားမဟုတ်တဲ့ အတွက်ကြောင့် အဲဒီစစ်အာဏာရှင်အစိုးရဆီမှာ မပူး ပေါင်းလိုတဲ့အတွက်ကြောင့် သူတို့(လူငယ်တွေ) ရတဲ့နည်းနဲ့ သူတို့သွားလိမ့်မယ်။ ရတဲ့နည်းနဲ့သွားတဲ့အခါမှာ ဘာတွေဖြစ်ပေါ်လာမလဲဆိုတော့ တရားမဝင်ရွှေ့ပြောင်းသွားလာမှုစနစ်တွေက တွန်းအားပေးလိုက်သလိုဖြစ်ပြီးမှ ပိုမိုများပြားလာမယ်လို့ သုံးသပ်မိပါတယ်” လို့ သူက ဆိုပါတယ်။

စစ်မှုထမ်းဥပဒေပြဌာန်ဒချက်ကြောင့် ပြည်ပနိုင်ငံတွေဆီ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်တဲ့ MOU စနစ်လည်း ရပ်ဆိုင်းသွားမယ့်သဘောရှိနေပြီး လူငယ်တွေကို ပြည်ပနိုင်ငံတွေဆီ ပိုမိုထွက်ခွာဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားနိုင်တယ်လို့ ဦးအောင်ကျော်က သုံးသပ်ပြောကြားပါတယ်။

ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်ဖူးတဲ့ လူငယ်တစ်ဦးကလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေအများစုဟာ ထိုင်း၊ မလေးရှားအပါအဝင် ပြည်ပနိုင်ငံတွေဆီကို အစုလိုက်အပြုံလိုက် ထွက်သွားမှာဖြစ်ပြီး စစ်ကောင်စီထံ ဘယ်လူငယ်တစ်ဦးတစ်ယောက်ကမှ စစ်မှုထမ်းမှာမဟုတ်ဘူးလို့လည်း သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နဂိုကတည်းကတောင်မှ အလုပ်အကိုင်အခွင့်အလမ်းတွေပျောက်လို့ ကုန်ဈေးနှုန်းတွေကြီးလို့ သွားတဲ့လူတွေများတာ စစ်မှုမထမ်းမနေရဆိုတော့ အကုန်လုံးသွားကြ အစုလိုက်အပြုံလိုက်သွား ပိုပြီးတော့များလာမှာပေါ့” လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေဆီ လူ ငယ်အများစုတွေရဲ့ ပြည်ပထွက်ခွာမှုနှုန်းဟာ ပိုမိုများပြားလာနေခဲ့ပြီး ပြည်တွင်းမှာ အလုပ်အကိုင်ကျပ်တည်းမှု၊ ကုန်ဈေးနှုန်းမြင့်မားမှု၊ လူငယ်တွေအပေါ် ဖမ်းဆီးနှိပ်စပ်သတ်ဖြတ်မှုစတဲ့ စစ်ကောင် စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံရေး စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် လူငယ်အများစုက ပြည်ပနိုင်ငံတွေဆီကို ပိုမိုထွက်ခွာသွားရတာ ဖြစ်ပါတယ်။

အလုပ်သမားအဖွဲ့အစည်းတွေရဲ့ အဆိုအရ အာဏာသိမ်းကာလအတွင်း အလုပ်အကိုင် အခက်အခဲ ပြဿနာတွေကြောင့် ရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီ ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး အဲဒီထဲမှာ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကို အများဆုံး ထွက်ခွာနေကြတာလို့ ဆိုထားပါတယ်။

ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေး အထွေထွေ အကျပ်အတည်းတွေနဲ့အတူ လက် နက်ကိုင် ပဋိပက္ခတွေကြောင့် တစ်လလျှင် ပြည်ပထွက်ခွာသူ ၄၀,၀၀၀ ဝန်းကျင်အထိ ရှိလာတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TBF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.