ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၁၃

ကာကွယ်ရေးအတွက် လုံလောက်တဲ့ ငွေသုံးစွဲမှုမရှိတဲ့ နေတိုးမဟာမိတ်နိုင်ငံတွေကို အမေရိကန်က ကာကွယ်ပေးမှာ မဟုတ်ဘူးဆိုတဲ့ ဒေါ်နယ်ထရန့်ရဲ့ ပြောဆိုမှုဟာ မိမိတို့အားလုံးရဲ့ လုံခြုံရေးကို အားလျှော့စေတယ်လို့ အနောက်တိုင်းစစ်ရေး မဟာမိတ်အဖွဲ့အကြီးအကဲက ပြောပါတယ်။

ဒီလိုပြောဆိုမှုဟာ အမေရိကန်နဲ့ ဥရောပတပ်ဖွဲ့ဝင်တွေအပေါ် ကြီးမားတဲ့အန္တရာယ် ကျရောက်စေနိုင်တယ်လို့ စတိုလ်တန်ဘာဂ်က ဆိုခဲ့တာပါ။

မဟာမိတ်နိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံရဲ့အသားတင်ပြည်တွင်းထုတ်ကုန်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အသုံးပြုရမယ်လို့ သတ်မှတ်ထားပြီး မလိုက်နာတဲ့ နိုင်ငံတွေကို တိုက်ခိုက်ရေး သူ့အနေနဲ့ ရုရှားကို လှုံ့ဆော်သွားမှာ ဖြစ်တယ်လို့ သမ္မတဟောင်းထရန့်က လူထုစုဝေးပွဲတစ်ခု မှာ ပြောခဲ့တာဖြစ်ပါတယ်။

ထရမ့်က နိုင်ငံကြီး တစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့တာဖြစ်တယ်လို့ ဆိုထားပြီး ဘယ်အချိန်ကပြောခဲ့တာလဲနဲ့ ဘယ်နိုင်ငံရဲ့ ခေါင်းဆောင်ကို ပြောခဲ့တာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဒါပေမယ့် ထရမ့်ရဲ့ ပြောဆိုမှုတွေဟာ အန္တရာယ်များတဲ့ ပြောဆိုမှုတွေဖြစ်ပြီး စစ်ပွဲဆင်နွှဲရေးနဲ့ အကြမ်းဖက် တိုက်ခိုက်ရေးအတွက် ရုရှားကို မီးစိမ်းပြရာရောက်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က တုံ့ပြန်ထားပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ မှာ ၁၉ နိုင်ငံက သူတို့ရဲ့အသားတင်ပြည်တွင်းထုတ်ကုန်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းအထိ ကာကွယ်ရေးအတွက်သုံးစွဲဖို့ ပျက်ကွက်နေတယ်လို့ နေတိုးအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီလိုသုံးစွဲရမယ့် ငွေကြေးပမာဏမပြည့်တဲ့နိုင်ငံတွေထဲမှာ ပြင်သစ်၊ဂျာမနီနဲ့ နော်ဝေနိုင်ငံတို့ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သူတို့ထဲက ဘယ်နိုင်ငံမဆို တိုက်ခိုက်ခံရပါက ကာကွယ်ပေးရမယ်လို့ ကတိပြုထားကြတာဖြစ်ပါတယ်။

မစ္စတာ စတိုလ်တန်ဘာဂ်ကတော့ မိမိတို့အဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်ပေးဖို့ အဆင်သင့်စုစည်းမှုရှိပြီး အားကောင်းတဲ့ တုံ့ပြန်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.