ကောလင်း – ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ကောလင်းမြို့ကို စစ်ကောင်စီဘက်က ပြန်လည်သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်နေသလို တော်လှန်ရေးတပ်တွေဘက်ကလည်း ခုခံတိုက်ခိုက်နေတာကြောင့် နှစ်ဘက်တပ်တွေအနေနဲ့ မြို့ကို အလုံးစုံထိန်းချုပ်နိုင်တာမရှိသေးဘူးလို့ NUG တာဝန်ရှိသူတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် စစ်တပ်ဝါဒဖြန့်သတင်းစာတွေမှာ ကောလင်းမြို့ကို အပြည့်အဝပြန်လည်သိမ်းယူလိုက်ပြီလို့ ကြေညာခဲ့ပေမယ့် မြေပြင်မှာတော့ သိမ်းယူနိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ မြို့ပေါ်ကို စစ်ကောင်စီတပ်တွေလည်းရောက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားနေ တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ရဲ့သဘောတရားအတိုင်းပါပဲ။အဆုံးသတ်ကတော့ ရှိပါတယ်။ စစ်ကောင်စီက အင်အားတိုး ပြီးတော့ပြန်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ၁၀ ရက် ၁၁ ရက်နေ့တွေမှာ ကောလင်းမြို့ထဲ မှာကို တိုက်ပွဲတွေဖြစ်ပါတယ်။ အခုချိန်မှာ ဆိုရင်တော့ ကောလင်းမြို့ပေါ်မှာ စစ်ကောင်စီရဲ့ တပ်သားတွေလည်းရှိတယ်။ ပြည်သူ့တော်လှန်ရေးအင်အားစုတွေလည်းရှိတယ်။ အပြန်အလှန် ရင်ဆိုင် တိုက်ပွဲတွေဖြစ်နေပါတယ်” လို့သူက ပြောပါတယ်။

စစ်ကောင်စီဟာ ကောလင်းမြို့ကိုပြန်လည်သိမ်းယူနိုင်ဖို့ ဇန်နဝါရီလ အစောပိုင်းတည်းက ပတ်ဝန်းကျင်မြို့တွေမှာရှိတဲ့ ကန့်ဘလူ ၆၀၀၆ အမြောက်တပ်၊တောင်ကုန်းမှာရှိတဲ့ စစ်ကောင်စီ အထိုင်စခန်း၊ဝန်းသိုအခြေစိုက် တပ်ရင်းတွေကို ရဟတ်ယာဉ်တွေနဲ့ လူအင်အားဆက်တိုက် ဖြည့်တင်းခဲ့တာဖြစ်ပါတယ်။

လက်တလောတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က မြို့ပေါ်နေရာတချို့ကို ထိန်းချုပ်ထား နိုင်သေးတယ်လို့ ဆိုပေမယ့် ဘယ်နေရာတွေလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။ 

တဘက်မှာလည်း NUG အစိုးရအနေနဲ့ ခံစစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်ထား တယ်လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။ 

“ကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ကောလင်းမြို့မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအတွက်ရတဲ့ အရင်းအမြစ်ကနေ ရသလို စီမံ ခန့်ခွဲပြီးတော့ ကြိုတင်ပြင်ဆင်ပြီး ထောက်ပံ့ပေးထားတာရှိတယ်။ တခြားဝန်ကြီးဌာနတွေအနေနဲ့ လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက်ပြည်သူလူထုရဲ့ ဘေးကင်းလုံးခြုံရေးအတွက် စနစ်တကျ ပြောင်းရွှေ့လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာတွေရှိတယ်လို့” ပြောပါတယ်။ 

ပြီးခဲ့တဲ့ဇန်နဝါရီလအစောပိုင်းကစပြီး စစ်ကြောင်း ၄ ကြောင်းနဲ့ စစ်ကောင်စီဘက်က ကောလင်း မြို့ကို ချဉ်းကပ်နိုင်ဖို့ ကြိုးစားခဲ့တာကြောင့် အသင့်စောင့်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်ကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ သလို အရပ်သားတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ 

ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေပူးပေါင်းပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ 

အဲဒီလိုသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လေကြောင်း၊လက်နက်ကြီးပစ်ကူတွေကို သုံးပြီး ကောလင်းမြို့ကို ပြန်လည်ထိုးစစ်ဆင်နေပြီး နှစ်ပတ်အတွင်း တိုက်ပွဲ ၁၈ ကြိမ်အထိ ဖြစ်ပွားခဲ့ကာ တပ်ဖွဲ့ဝင်တချို့သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD (ကောလင်းမြို့သိမ်းတိုက်ပွဲပြီးနောက် PDFတပ်တွေ မြို့ကိုထိန်းချုပ်ထားစဉ်) 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.