မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၁

မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၃ ဦး ထပ်မံတိုက်ပိတ်ခံလိုက်ရပြီး ၆ ဦး အရေးပေါ်ဆေးရုံတင်ထားရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က ကျိုက်မရောထောင်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ အထူးရှာဖွေစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၂ ဦးထံကနေ ဖုန်းတွေ့ရှိတယ်ဆိုကာ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဖမ်းဆီးရိုက်နှက်ပြီး တိုက်ပိတ်ခဲ့တာပါ။

သက်သေမခိုင်လုံဘဲ နိုင်ငံရေးအကျဉ်းသား ၂ ဦး ဖမ်းဆီးရိုက်နက်တိုက်ပိတ်ခံရမှုအပေါ် ဖေဖော်ဝါရီ ၆ ရက်နေ့ ကစတင်ပြီး နိုင်ငံရေးအကျဉ်းသား ၅၀ နီးပါးက အစာငတ်ခံဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

အစာငတ်ခံဆန္ဒပြတောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၂၃ ဦးကို ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီ ထောင်အာဏာပိုင်တွေက ထပ်မံတိုက်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

“အခုထိမပြေလည်သေးဘူး။ မီဒီယာတွေမှာပွသွားတဲ့အခါကျတော့ ဘာလုပ်လဲဆိုတော့ ဆိုက်ကိုသုံးပြီးတော့ စစ်ကောင်စီက ပြေလည်ပြီဆိုပြီး သတင်းထုတ်လိုက်တယ်။ ဒီနေ့ဆိုဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား ၂၃ဦးကို ထပ်ပြီး တိုက်ပိတ်လိုက်တယ်” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ၆ ဦးဟာ အာဟာရပြတ်သွားတဲ့အတွက် ထောင်တွင်းဆေးရုံမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအ နေမှာရှိနေတယ်လို့ သိရပါတယ်။

အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ရေတစ်မျိုးသာသောက်သုံးပြီး ဆက်လက်တောင်းဆိုနေတာကြောင့် အာဟာရပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး ကျန်းမာရေးစိုးရိမ်နေရပြီလို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ဦးကို နေ့စဉ်ကျန်း မာရေးစစ်ဆေးပေးဖို့၊ အကျဉ်းတိုက်မဟုတ်တဲ့ အခြားသင့်လျော်တဲ့နေရာကို အမြန်ဆုံးပြောင်းရွှေ့ပေးဖို့၊ အကျဉ်းသား၊ အကျဉ်းသူတွေကို ခေါ်ယူမေးမြန်းတဲ့အခါမှာ ထောင်ဖွင့်ချိန်မှာသာ လုပ်ဆောင်ဖို့အပါအဝင် အချက် ၃ ချက် တောင်းဆိုထားပါတယ်။

ထောင်အာဏာပိုင်တွေကတော့ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တောင်းဆိုထားတဲ့ အချက် ၃ ချက်ကို လက်ရှိအချိန်အထိ လိုက်လျောပေးတာ မရှိသေးသလို ထောင်အတွင်းမှာလည်း ဝန်ထမ်းတွေကိုပါ စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီက ကျိုက်မရောထောင်မှာ အစာငတ်ခံဆန္ဒပြတဲ့ ဖြစ်စဉ် မရှိကြောင်းနဲ့ ဖုန်းတွေ့ရှိခဲ့တယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ဦးကိုလည်း တိုက်ပိတ်တာမဟုတ်ဘဲ ဥပဒေနဲ့အညီ သီးခြားခွဲထားခြင်းဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကတော့ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူသတ်ကွင်းလို ဖြစ်လာတယ်လို့ အခုနှစ်ဆန်းပိုင်းမှာ ထုတ်ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.