ကော့ကရိတ်၊ ဖေဖော်ဝါရီ ၁၁

စစ်ရေးပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းမှုဟာ မြို့မကျရေးအတွက် ပြင်ဆင်လုပ်ဆောင်လာတာဖြစ်တယ်လို့ ကျားဖြူစစ် ကြောင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့က မွန်ပြည်နယ်ကနေလာတဲ့ စစ်ကောင်စီတပ် ကားတန်း ၁၀ စီး အင်အား ၂၀၀ ဝန်းကျင်ဟာ ကရင်ပြည်နယ် ကျုံဒိုးမြို့ကို ရောက်ရှိလာပြီး ကျုံဒိုးမြို့ကနေတစ်ဆင့် စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကော့ကရိတ်မြို့နဲ့ သင်္ဃန်းညီနောင်ဒေသဘက်ကို သွားရောက်ဖို့ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ဘက်ကို တပ်အင်အားဖြည့်နေတာဖြစ်ပြီး ဒီလိုတပ်အင်အားတွေ ဖြည့်ဆည်းနေတာတွေဟာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေထံ ကော့ကရိတ်မြို့မကျရေးအတွက် ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ကော့ကရိတ်မြိုထံ တပ်အင်အားတွေ ဖြည့်ဆည်းလာနေတဲ့အချိန် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့က ကျုံဒိုးမြို့ အနီး ၇ တိုင် ၆ တိုင်နေရာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့ ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ခဲ့တဲ့ ကော့ကရိတ်မြို့တိုက်ပွဲဟာ အချိန် ၂ လကျော်ကြာ မြင့်လာပြီဖြစ်ပြီး ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို KNLA တော်လှန် ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီတပ်က မြို့မကျရေးအတွက် ခံစစ်ကိုအသေအချာ ပြင်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒီလိုတိုက်ခိုက်တဲ့နေရာမှာလည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး ကော့ကရိတ်မြို့ပေါ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတာ၊ ဒရုန်းအသုံးပြုပြီး ဗုံး ကြဲတိုက်ခိုက်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ စတာတွေကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေပြီး မြို့အလုံးစုံပျက်စီးဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့ တော်လှန်ရေးပူး ပေါင်းအဖွဲ့တွေက ဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့ပေါ်က ဒေသခံပြည်သူလူထုတွေ အသက်ဆုံးရှုံး ဒဏ်ရာရတာတွေရှိသ လို ဒေသခံပြည်သူ အများအပြားလည်း နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

လက်ရှိမှာတော့ ကော့ကရိတ်မြို့အပါအဝင် KNU တပ်မဟာ ၆ နယ်မြေထဲက သင်္ဃန်းညီနောင်၊ ကျိုက်ဒုံမြို့ တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးအဖွဲ့တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး ဒေသခံပြည်သူလူထု သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.