ရေး၊ ဖေဖော်ဝါရီ ၁၀

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်းကျေးရွာထဲကို စစ်ကောင်စီတပ် နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် စိုးရိမ်ပူပန်မှုမြင့်တက်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၁၆)အမြောက်တပ်ကနေ ဖေဖော်ဝါရီ ဒုတိယအပတ်ကစပြီး ကျုံလောင်းရွာဟောင်းကျေးရွာထဲကို ညတိုင်းလက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်ကျူး လွန်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေဟာ ညပိုင်းနေအိမ်မှာ မအိပ်ရဲတာကြောင့် နေရာရွေ့ပြောင်းအိပ်နေရပြီး တချို့ဒေသခံတွေက ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း ကျုံလောင်းရွာဟောင်းကျေးရွာထဲ စစ်ကောင်စီတပ် လက် နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီကတော့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျုံလောင်းရွာဟောင်းကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်တာမရှိဘူးလို့ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ငြင်းဆိုထားပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် နိုင်ဗညားလယ်ကို သံလွင်တိုင်းမ်က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဝါရင့်မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ အာဏာသိမ်းကာလအတွင်း တွေ့ဆုံဆွေးနွေးမူဝါဒဆုပ်ကိုင်ပြီး စစ်ကောင်စီနဲ့ တစ်ဖွဲ့ချင်းအလိုက်ဖြစ်စေ၊ အုပ်စုအလိုက်ဖြစ်စေ ငြိမ်းချမ်းရေး ၇ ကြိမ်ထက်မနည်း သွားရောက်ဆွေးနွေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.