နေပြည်တော် ၊ ဖေဖော်ဝါရီ ၉

နိုင်ငံတော်အေးချမ်းသာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အရေးမလှဖြစ်လာ‌နေတဲ့ စစ်ကောင်စီက အာဏာတည်တဲ့ နေ့ရက်ကို ဒီကနေ့မှာ ကြေညာလာပါတယ်။

ဆယ်စုနှစ်ကျော်ကြာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းမှု သုံးနှစ်ကျော် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး အာဏာတည်စေရမယ်လို့ သတ်မှတ်လိုက်တာပါ။

အဲဒီဥပ‌ဒေမှာတော့  အမျိုးသားဖြစ်ရင် အသက် ၁၈ နှစ်ပြည်ပြီး ၃၅ နှစ် မပြည့်သေးတဲ့သူ၊ အမျိုးသမီးဖြစ်ရင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ် မပြည့်သေးတဲ့သူ  နိုင်ငံသားတိုင်း စစ်မှုထမ်းရမှာဖြစ်တယ်လို့ ပြဌာန်းထားတာပါ။

စစ်မှုထမ်းကာလကိုတော့ ၂ နှစ်သတ်မှတ်ထားပြီး နိုင်ငံတော်မှာ အရေးပေါ်အခြေအနေဖြစ်ရင် အစိုးရဖွဲ့က ပြည်သူ့စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှု ၃ နှစ်အတွင်း စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲကြောင့် အရေးမလှဖြစ်လာနေတာပါ။

တစ်ဖက်မှာ တပ်အင်အားပြူန်းတီးမှုနဲ့အတူ တပ်ဖွဲ့ဝင်တွေလက်နက်ချအညံ့ခံမှု ထောင်ချီရှိလာနေတဲ့အတွက် ပြည်သူ့စစ်‌တွေကို ပစ်ခတ်စဉ်ပါတဲ့ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးနေတာလည်း ရှိနေပါတယ်။

ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ အရှိန်အဟုန်ပြင်းထန်လာနေတဲ့ ထိုးစစ်ကြောင့် ရှုံးပွဲဆက်တိုက် တပ်စခန်းတွေ မြို့တွေ အသိမ်းခံလာနေရတဲ့ စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ရက် သတ်မှတ်လာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.