မော်လမြိုင် – ဖေဖော်ဝါရီ ၁၀

အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အနုပညာရှင်/အတက်ပညာရှင်တွေနဲ့ နောက်ကွယ်က ကူညီထောက်ပံ့စေခိုင်းသူတွေကို စုံစမ်းဖော်ထုတ်ပြီး လက်တွေ့ကျကျ ထိရောက်ပြင်းထန်စွာအရေးယူသွားမယ်လို့ ပြည်သူ့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

NUG အစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်၊ဂီတ၊သဘင်အစည်းအရုံးတို့နဲ့ တခြားအနု ပညာရှင်/အတက်ပညာရှင်တွေကို အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

စစ်ကောင်စီနဲ့အပေါင်းအပါတွေဟာ အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေ ကို ပစ်မှတ်ထားပြီး ဖမ်းဆီးထောင်ချတာ၊ခြိမ်းခြောက်တာ၊အိုးအိမ်စည်းစိမ်တွေကို ချိပ်ပိတ် သိမ်းဆည်းတာအပြင် စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ မတရားနှိပ်စက်မှုတွေရှိခဲ့တဲ့အပြင် အသက်စွန့်လွှတ်ခဲ့ရတဲ့ အနုပညာရှင်တွေရှိခဲ့တယ်လို့ ဆိုထားပါတယ်။ 

မြန်မာနိုင်ငံရုပ်ရှင်၊ဂီတ၊သဘင်အစည်းအရုံးတို့အပြင် တခြားအနုပညာရပ်ဝန်းမှ လူပုဂ္ဂိုလ် တစ်ဦးချင်းသော်လည်းကောင်း၊အဖွဲ့အစည်းလိုက်သော်လည်းကောင်း၊အကြမ်းဖက်အဖွဲ့အစည်း အဖြစ်ကြေညာထားတဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ အသိပေးထားပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်း တွေ၊အမည်ပျက်စာရင်းသွင်းထားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေမှာ ပူးပေါင်းပါဝင်တာ အား ပေးကူညီထောက်ပံ့တာတွေ လုံးဝမလုပ်ကြဖို့လည်း ပြည်သူ့ရဲတပ်ဖွဲ့က ပြောထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.