ဂါဇာ ၊ ဖေဖော်ဝါရီ ၁၁

အစ္စရေးစစ်သားတွေဟာ ဖမ်းဆီးရမိထားတဲ့ ဂါဇာဒေသခံတွေကို ကိုယ်လုံးတီးချွတ်၊မျက်စိတွေ ပိတ်ထားပြီး ဖားခုန်ခိုင်းထားတဲ့ ဖြစ်ရပ်ဟာ လူမှုကွန်ရက်မှာပျံ့နှံ့နေတာကြောင့် အဲဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

နိုင်ငံတကာ ဥပဒေအရဖမ်းဆီးထိန်းသိမ်းထားသူတွေကို မလိုအပ်ဘဲ အရှက်ခွဲတာ ဒါမှမဟုတ် လူ့အများရှေ့ ဖော်ပြတာမျိုးမလုပ်ရဘူးလို့ တားမြစ်ထားတာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းမှာ ရိုက်ကူးထားတဲ့ရုပ်သံဖိုင်တွေကို အစ္စရေးစစ်သားတွေက အွန်လိုင်းမှာ ဖော်ပြခဲ့ကြတာဖြစ်ပြီး အဲဒီရုပ်သံကို ရိုက်ကူးခဲ့တယ်လို့ ယုံကြည်ရတဲ့ အရန်စစ်သားတွေထဲက တစ်ဦးကိုတော့ ထုတ်ပယ်လိုက်ပြီလို့ ပြောထားသလို ဒီလိုရုပ်သံဖိုင်တွေဟာ သူတို့ရဲ့ တန်ဖိုးထားမှုကို ကိုယ်စားမပြုဘူးလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးတွေရဲ့ ကုလသမဂ္ဂအကြံပေးအရာရှိ ဒေါက်တာမက်အီလစ်က ဒီရုပ်သံဖိုင်တွေမှာ မြင်တွေ့ရတာက စစ်ပွဲအကျဉ်းသားတွေအပေါ်ပြုမှုဆက်ဆံပုံနဲ့ ပတ်သက်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာကျနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ရုပ်သံဖိုင်အများစုမှာ တိုက်ခိုက်နေကြတာတွေနဲ့ ဒေသခံတွေ စွန့်ပစ်ထားခဲ့တဲ့ နေအိမ်တွေကို စစ်သားတွေက လိုက်ကြည့်နေကြတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ကုန်ပိုင်းက အင်တာနက်ပေါ်ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုမှာလည်း အစ္စရေးစစ်သားတွေဟာ ဖမ်းဆီးရမိထားတဲ့ ပါလက်စတိုင်းသား တစ်ဦးကို ကိုယ်လုံးတီးချွတ်ကာ ထိုင်ခုံမှာ ထိုင်ခိုင်းထားပြီး စစ်ဆေးမေးမြန်းနေတာတွေ့ရပါတယ်။

အဲဒီလိုရုပ်သံဖိုင်တွေကို အင်တာနက်ပေါ်တင်ရာမှာလည်း အစ္စရေးစစ်သားတွေဟာ သူတို့ ဘယ်သူဆိုတာကို ဖုံးကွယ်ထားတာမရှိဘဲ တင်နေကြတာပါ။

ဒါ့အပြင် အစ္စရေးစစ်သားတွေဟာ သူတို့ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းသားတွေကို ကိုယ်လုံး တီးချွတ်ပြီး စီတန်းလှည့်လည်ခိုင်းတာအပြင် ပါလက်စတိုင်း ဈေးဆိုင်တွေကို ဖျက်ဆီးနေပုံတွေ ကိုလည်း တွေ့ရသလို အဲဒီထဲမှာ အမျိုးသမီး ၃ ဦးလည်းပါဝင်နေတယ်လို့ သိရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.