ချောင်းဆုံ၊ ဖေဖော်ဝါရီ ၁၀

မွန်ပြည်နယ် ချောင်းဆုံမြို့ရှိ အဓိပတိကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဦးချစ်ကိုကိုအား ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေ ၅ နာရီအချိန့်မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဦးချစ်ကိုကိုဟာ နိုင်ငံ့ဝန်ထမ်းတွေကို CDM လုပ်ဖို့ လှုံဆော်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်၊ ရဲနဲ့အုပ်ချုပ်ရေးပူးပေါင်းအဖွဲ့တွေကနေ အင်အားအလုံးအရင်းနဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။

ဒေသခံတွေအဆိုအရ ဦးချစ်ကိုကိုအား စစ်တပ်လော်ဘီတွေက ဖမ်းဆီးခိုင်းခဲ့တဲ့အတွက် စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက လာရောက်ဖမ်းဆီးသွားပြီး ချောင်းဆုံမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ဦးချစ်ကိုကို အဓိပတိကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ အင်္ဂလိပ်စာဆရာဖြစ်ကာ မေ တ္တာမွန်သွေးလှူရှင်အသင်း တည်ထောင်သူလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဦးချစ်ကိုကိုအား ချောင်းဆုံမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း မော်လမြိုင်မြို့နေ လူငယ်တစ်ဦးကို PDF သင်တန်းဆင်းထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်လော်ဘီတွေ ဖမ်းဆီးခိုင်းလို့ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ပါသေးတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ အရပ်သားပြည်သူ ၉၀၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.