မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၀

မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ နီးပါးရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က ကျိုက်မရောထောင်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၂ ဦးမှာ ဖုန်းတွေ့ရှိခဲ့တယ်ဆိုကာ ဖေဖော်ဝါရီ ၄ ရက် နေ့မှာ ရိုက်နက်ဖမ်းဆီးခေါ်ဆောင်သွားပြီး တိုက်ပိတ်ခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသား ၂ ဦးကို အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ တိုက်ပိတ်ခဲ့တာကြောင့် ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၄၇ ဦးက ဖေဖော်ဝါရီ ၆ ရက်နေ့ကစလို့ ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့အထိ အ စာငတ်ခံဆန္ဒထုတ်ဖော်နေတာ ဖြစ်ပါတယ်။

အစာငတ်ခံ ဆန္ဒထုတ်ဖော်နေတဲ့ နိုင်ငံအကျဉ်းသားတွေဟာ အချိန် ၄ ရက်ကြာ ရှိလာတဲ့အတွက် အာဟာရပြတ်ကာခန္ဓာကိုယ်ပျော့ခွေသွားတဲ့ အခြေအနေရှိတာကြောင့် ကျန်းမာရေးစိုးရိမ်နေတယ်လို့ PPNM သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“အစာငတ်ခံဆန္ဒထုတ်ဖော်နေကြတယ်။ ဒီအပေါ်မှာဝန်းရံတဲ့သူကတော့ တစ်ရာကျော်တယ်။ လက် ရှိ အစာငတ်ခံဆန္ဒ ထုတ်ဖော်နေတဲ့သူတွေက ၄၇ယောက်လို့ သိထားရတယ်။ ကျန်းမာရေးအခြေအ နေက စိုးရိမ်ရတယ်။ ဆေးရုံတော့မတင်ရသေးဘူးပေါ့လေ။ အားလုံးကတော့ အင်အားချည့်နဲ့နေပြီးတော့ ငြိမ်နေကြတယ်လို့တော့ ကျွန်တော်တို့ သိထားပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံအရေးအကျဉ်းသားတွေက တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်း သား ၂ ဦးကို နေ့စဉ် ကျန်းမာရေးစစ်ဆေးပေးဖို့၊ အကျဉ်းတိုက်မဟုတ်တဲ့ အခြားသင့်လျော်တဲ့နေရာကို အမြန်ဆုံးပြောင်းရွှေ့ပေးဖို့၊ အကျဉ်းသား၊ အကျဉ်းသူတွေကို ခေါ်ယူမေးမြန်းတဲ့အခါမှာ ထောင်ဖွင့်ချိန်မှာသာ လုပ်ဆောင်ဖို့အပါအဝင် အချက် ၃ ချက် တောင်းဆိုထားပါတယ်။

ကျိုက်မရောထောင်အာဏာပိုင်တွေဘက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ တောင်းဆိုထားတဲ့ အ ချက် ၃ ချက်ကို လက်ရှိအချိန်အထိ လိုက်လျောပေးတာ မရှိသေးပါဘူး။

အခုဖြစ်စဉ်ကြောင့် စစ်ကောင်စီက ကျိုက်မရောထောင်မှာ ထောင်ဆူပူမှု ဖြစ်လာနိုင်တယ်ဆိုပြီး လုံ ခြုံရေးအင်အား တိုးမြှင့်ထားတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသား နှစ်ယောက်ကို တိုက်ထဲကနေ ပြန်ထုတ်ပေးဖို့ သူတို့ အစာငတ်ခံဆန္ဒပြတယ်။ အပြင် မှာလည်း ထောင်ဆူမှာကြောက်လို့ ဆိုပြီးတော့ လုံခြုံရေးတွေ ထပ်တိုးမြှင့်ထားတာပေါ့။ စစ်သားတွေ အများ ကြီး၊ စစ်ကားနှစ်စီးတောင် ရှိနေတယ်”လို့ ဆိုပါတယ်။

ကျိုက်မရောအကျဉ်းထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသား ၄၇ ဦးကို ကျန်နိုင်ငံရေးအကျဉ်းသားတွေကလည်း ဝန်းရံနေကြတယ်လို့ သိရပါတယ်။

PPNM ကလည်း ကျိုက်မရောအကျဉ်းထောင်မှာ အစာငတ်ခံတိုက်ပွဲဝင်နေကြတဲ့ နိုင်ငံရေးအကျဉ်း သားတွေကို ပြည်သူတစ်ရပ်လုံး ဝန်းရံပေးကြဖို့ တောင်;ဆိုထားပါတယ်။

ကျိုက်မရောထောင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ဆေးဝါးကုသခွင့် အပြည့်အဝမရတာကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ဦး သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်နေသူတွေထံက သိရပါတယ်။

မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ တိုင်းနဲ့ပြည်နယ်အသီးသီးကနေ ပုဒ်အမျိုမျိုးနဲ့ အ ကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၃၀၀ ထက်မနည်း ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.