လွိုင်ကော်၊ ဖေဖော်ဝါရီ ၁၀

လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ ကရင်နီပြည်နယ်အတွင်းက မြို့ ၃ မြို့ကို ၁၁.၁၁ စစ်ဆင်ရေး အတွင်း အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သံလွင် တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေဘက်က မယ့်စဲမြို့၊နန်းဖယ်ခုံမြို့နဲ့ ရွေ့ပြောင်း အလုပ်သမားတွေအများ ဆုံးရှိနေတဲ့ မော်ချီးဒေသတွေကို အလုံးစုံထိန်းချုပ်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ခဲသတ္တုထွက်ရှိရာဒေသဖြစ်သလို ရွှေ့ပြောင်းအလုပ်သမားထူထပ်တဲ့ မော်ချီးဒေသကို တော်လှန် ရေးတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြို့တွေကို ထိန်းချုပ်ထားနိုင်ပေမယ့် ဒေသခံတွေ နေရပ်ပြန်ဖို့ကိုတော့ တော်လှန်ရေးတပ်တွေက တားမြစ်ထား ပြီး စစ်ကောင်စီဘက်က အချိန်မရွေးလေကြောင်းကနေ တိုက်ခိုက်နိုင်သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ တာကြောင့် အုပ်ချုပ်ရေးယန္တရားတွေ မြို့ပေါ်မှာ လည်ပတ်နိုင်ဖို့ ခက်ခဲနေသေးတာပါ။

လက်ရှိအချိန်မှာတော့ တော်လှန်ရေးတပ်တွေဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှားတောမြို့ကို သိမ်းပိုက်နိုင်ဖို့ စခန်းတစ်ခုသာကျန်တော့တယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း စစ်ကောင်စီဘက်က ရှားတောကို ရဟတ်ယာဉ် ၃ စီးနဲ့ အင်အား ၆၀ ကျော်လာရောက်ဖြည့်တင်းခဲ့ပေမယ့် အဲဒီထဲက ၅၀ နီးပါးကို တော်လှန်ရေးတပ်တွေဘက်က ရှင်းလင်းလိုက်ပြီး တချို့ကိုတော့ အရှင်ဖမ်းမိထားတယ်လို့ KNDF က ပြောပါသေးတယ်။

တဖက်မှာလည်း ၁၁.၁၁ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဟာ လွိုင်ကော်၊ဒီးမော့ဆို၊ မိုးဗြဲ၊ဖယ်ခုံနဲ့ ပြည်နယ်အတွင်းက တပ်စခန်းတွေကနေ ဆုတ်ခွာထွက်ပြေးနေရတဲ့ ဖြစ်စဉ်တွေ ရှိနေတယ်လို့ သိရပါတယ်။

အခုလိုဆုတ်ခွာရတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီတပ်အတွက် လက်နက်ခဲယမ်းအပြင် တပ်ကူနဲ့ ရိက္ခာတွေပို့ဆောင်ဖို့ ခက်ခဲတာကြောင့်ဖြစ်တယ် လို့ သိရပါတယ်။

ကရင်နီပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီတပ်ကို အကျအဆုံးများအောင် တိုက် ခိုက်မှုတွေရှိနေသလို တပ်သားသစ်တွေအတွက်လည်း အချိန်တိုင်းလိုလို စစ်ပညာ သင်ပေးတာတွေရှိနေ တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.