လွိုင်ကော် – ဖေဖော်ဝါရီ ၉

ကရင်နီပြည်နယ်၊လွိုင်ကော်အကျဉ်းထောင်က လွှတ်ပေးဖို့ရက်ကျော်နေတဲ့ အကျဉ်းသား ၆၅ ဦး ကို စစ်ကောင်စီက လွန်ခဲ့တဲ့ ရက်ပိုင်းက မိသားစုထံပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။ 

စစ်ကောင်စီလွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၆၅ ဦးထဲက ၁၂ ဦးဟာ လွတ်ရက်ကျော်လွန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဖြစ်ပြီး ကျန်တဲ့သူတွေကတော့ လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းချမ်း သာခွင့်ရခဲ့ပေမယ့် မလွတ်ခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က PPNM နဲ့ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA တို့ပူးပေါင်းပြီး လွိုင်ကော်အကျဉ်းထောင်က လွတ်ရက်စေ့အကျဉ်းသားတွေနဲ့ပတ်သက် ပြီး ထုတ်ပြန်ထားတာပါ။

အဲဒီထုတ်ပြန်ချက်အပြီးမှာပဲ စစ်ကောင်စီက သူတို့ရဲ့အစီအစဉ်နဲ့ မိသားစုတွေဆီပြန်လည်ပို့ပေး ခဲ့တာဖြစ်တယ်လို့ PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

“စစ်ကောင်စီအနေနဲ့ လမ်းကြောင်းအကုန်လုံးပိတ်ထားပေမယ့် သူတို့နည်းသူတို့ဟန်နဲ့ မိသားစု ရင်ခွင်ကိုအရောက်ပို့ပေးခဲ့တယ်။ရဲစခန်းကနေ တစ်ဆင့်ပို့ပေးခဲ့တာလို့ ကျွန်တော်တို့သိသ လောက်ကတော့ မိသားစုရင်ခွင်ကို အားလုံးပြန်ရောက်ကြပါပြီ။ အားလုံးကတော့ ဆေးဝါး စောင့် ရှောက်မှု ဆေးဝါးကုသမှုတွေ လိုအပ်နေသေးပေမယ့် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေထိုင်ခဲ့ရ တယ်လို့ သိရပါတယ်။ သို့သော်လည်းပဲ အကျဉ်းထောင်ထဲမှာ စားရေးသောက်ရေးအင်မတန် ခက်ခဲနေတယ်ဆိုတာကိုတော့ ကျွန်တော်ပြန်လည်ကြားသိရတာမျိုးတော့ ရှိတယ်ပေါ့နော်” လို့သူက ပြောပါတယ်။ 

ရဲစခန်းကတဆင့် အိမ်အရောက်ပို့ပေးခဲ့တယ်လို့ သိရပေမယ့် ဘယ်ရဲစခန်းလည်းဆိုတာကိုတော့ အတိအကျမသိရသေးဘူးလို့ သူက ပြောပါသေးတယ်။

လွိုင်ကော်မြို့နယ်ရဲစခန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သိမ်းယူထား တာဖြစ်ပြီး ဒီရက်ပိုင်းအတွင်း စစ်ကောင်စီယာဉ်တန်းတွေ အကျဉ်းထောင်ကထွက်ခွာသွားတာ လည်းမရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်ပြန်လည်လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ကိုစိုင်းဝဏ္ဏ၊ကိုရဲထွန်း နိုင်၊ကိုမောင်ဝိုင်း၊စောအယ်ထောနယ်ဆွိ၊ဆာကာရီးရာ၊ဆာဘလုမူး၊ဆူးရယ်၊ကိုသန်းကို၊စတီးနိုး၊ ကိုအာကာပတေရု၊ကလောရယ်၊မြားရယ်နဲ့ ဒေါ်လင်းလင်းခိုင်တို့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လွိုင်ကော်မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနဲ့ ရဲစခန်းကို KNDF နဲ့ပူးပေါင်းတပ်တွေ က သိမ်းပိုက်ထားပြီး လွိုင်ကော်အကျဉ်းထောင်ပတ်လည်ကိုလည်း ပိတ်ဆို့ထားတဲ့အခြေအနေ ဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.