မော်လမြိုင် ၊ ဖေဖော်ဝါရီ ၉

မွန်ပြည်နယ်ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ချေးငွေတွေ ထုတ်ချေးပေးသွားမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပေမယ့် တိကျတဲ့မူဝါဒ ချမှတ်ထားတာ မရှိတာကြောင့် လက်တွေ့အလုပ်မဖြစ်နိုင်ဘူးလို့ ရော်ဘာလုပ်ငန်းရှင်တွေက ဝေဖန်လိုက်ပါတယ်။

ဒေသတွင်း ရော်ဘာလုပ်ငန်းရှင်တွေကို ချေးငွေထုတ်ချေးပေးဖို့ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအ သင်း တာဝန်ရှိသူတွေကို ပြည်နယ်အစိုးရရုံးမှာ ခေါ်ယူတွေ့ဆုံခဲ့တာပါ။

အဲ့ဒီတွေ့ဆုံပွဲမှာ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ရော်ဘာလုပ်ငန်းရှင်တွေကို ချေးငွေထုတ်ပေးသွားမယ်လို့ ပြောဆိုလာတာပါ။

ဒါပေမယ့် စစ်ကောင်စီဟာ ရော်ဘာကဏ္ဍအတွက် သီးသန့်ရန်ပုံငွေကနေ ချေးငွေထုတ်ပေးတာမျိုး မဟုတ်ဘဲ MSME လုပ်ငန်းခေါင်စဉ်အောက်ကနေ ချေးငွေထုတ်ယူနိုင်တဲ့အကြောင်း အသိပေးလာတာ ဖြစ်ပါတယ်။

ရော်ဘာလုပ်ငန်းရှင် တစ်ဦးကတော့ အခုအစီအစဉ်ဟာ ရော်ဘာကဏ္ဍအတွက် သီးသန့်ငွေ ထုတ်ချေးတာမဟုတ်တဲ့အတွက် လျှောက်ထားရမှာ များစွာအခက်အခဲရှိနိုင်ပြီး ထိရောက်တဲ့ ပံ့ပိုးမှု မ ဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရော်ဘာလုပ်ငန်းရှင်တွေကိုလည်း MSME အနေနဲ့ သတ်မှတ်ပြီးတော့ ချေးမယ်ဆိုတဲ့အကြောင်းပဲ ပြောတာပါဗျ။ လက်ရှိကတော့ သူတို့သိန်း ၁၀၀၀ လောက်နဲ့ လုပ်ငန်းရှင်တွေကို ချေးမယ်ဆိုလို့ရှိရင် မပြေလည်နိုင်ဘူးဗျ။ သိန်း ၁၀၀၀ ဆိုတဲ့ဟာက ရော်ဘာအထုပ် ၅၀၀ ကျော်ကျော်လောက်ပဲ ရတဲ့အခါကျတော့ ကျွန်တော်တို့ ရော်ဘာကဏ္ဍကို လုံလောက်တဲ့ ပံ့ပိုးမှုတော့ မဟုတ်ဘူးပေါ့။ ထိရောက်တဲ့ ပံ့ပိုးမှုတော့မရှိနိုင်ဘူး။ ဒါပေမယ့်လည်း သူတို့ကပေးတယ်ဆိုတဲ့ ပုံစံမျိုးတော့ ဖြစ်သွားတာပေါ့လေ”လို့ ဆိုပါတယ်။

ဒါ့အပြင် ချေးငွေရယူရာမှာ တခြားလုပ်ငန်းရှင်တွေနဲ့အပြိုင် ချေးငွေတောင်းခံရမှာဖြစ်တဲ့အတွက် ရော်ဘာလုပ်ငန်းရှင်တွေအနေနဲ့ ချေးငွေရရှိနိုင်ဖို့ အခွင့်အရေးနည်းသလို လုံလောက်တဲ့ ချေးငွေပ မာဏမဟုတ်တဲ့အတွက်လည်း ရော်ဘာကဏ္ဍ ဖွံ့ဖြိုးဖို့မလွယ်ကူဘူးလို့ သူကဆက်ပြောပါတယ်။

ရော်ဘာခြံရှင်တစ်ဦးကလည်း စစ်ကောင်စီ ထုတ်ချေးပေးမယ့် ချေးငွေဟာ လုံလောက်တဲ့ ငွေပမာ ဏမဟုတ်သလို ဘယ်လိုချေးပေးမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောပါတယ်။

“သူတို့ထုတ်ချေးတဲ့ ပမာဏက အဆင်ပြေနိုင်လောက်တဲ့ ပမာဏမထုတ်ချေးဘူးလေ။ သူတို့က တစ်ယောက်ကို ၃ သိန်းပေး ၂ သိန်းပေး။ ရော်ဘာသမားက ၃ သိန်းပေး ၂ သိန်းပေးဆိုတာ ဧကအလိုက်လား ဘယ်လိုပေးတာလဲ။ တစ်ယောက်ကို ၃ သိန်း ပေးတယ်ဆိုရင် ဆင့်ပါးစပ်ထဲ နှမ်းပက်သလိုပဲပေါ့။ တစ်ခါတလေကျရင် အဲဒီလိုသာ နာမည်တပ်လိုက်ပါတယ်။ တစ်ခါတလေကျရင်လေ သူတို့ချေးတဲ့ ငွေပမာဏက မုန့်ဖိုးပဲရှိတယ်”လို့ ဆိုပါတယ်။

ရော်ဘာလုပ်ငန်းရှင်တွေကတော့ ရော်ဘာကဏ္ဍဖွံ့ဖြိုးဖို့ အတွက် ချေးငွေထုတ်ချေးတာထက် ရော် ဘာအရည်အသွေး ကောင်းကောင်းမွန်မွန် ထုတ်လုပ်နိုင်အောင် ကူညီထိန်းကျောင်းပေးဖို့နဲ့ တခြားနိုင်ငံတွေနည်းတူ ဈေးကွက်ရှာဖွေပေးဖို့ လိုအပ်နေတယ်လို့ တောင်းဆိုတာတွေ ရှိနေပါတယ်။

စစ်ကောင်စီရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်က ရော်ဘာမိုင်းရုံ လုပ်ငန်းရှင် ၅ ဦးကို ငွေကျပ်သိန်း ၅၀၀၀ ထုတ်ချေးပေးခဲ့သလို နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေကနေ ရော်ဘာတောင် သူ ၄၂၅ ဦးအတွက် ကျပ်သိန်း ၅၀၀၀ ကျော် ထုတ်ချေးပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရော်ဘာကဏ္ဍဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ သွင်းအားစုဈေး နှုန်း အဆမတန်မြင့်တက်တာ၊ လုပ်သားရှားပါးတာ၊ လုံခြုံရေးအခြေအနေကြောင့် ရော်ဘာစေးမခြစ်နိုင်တာအပြင် တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

မွန်ပြည်နယ်ဟာ နိုင်ငံအတိုင်းအတာအရ ရော်ဘာအများဆုံးထွက်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ် စဉ် ရော်ဘာ တန်ချိန်တစ်သိန်းကျော် ထွက်ရှိနေသလို ရော်ဘာကဏ္ဍကနေ အမေရိကန် ဒေါ်လာ သန်းနဲ့ချီ ဝင်ငွေရရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.