ကျိုက်မရော၊ ဖေဖော်ဝါရီ ၉

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာ ဆိတ်ကျောင်းနေတဲ့ အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ပြီးနောက် မီးရှို့အလောင်းဖျောက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ မရမ်းကုန်းရွာနဲ့ချောင်းနှစ်ခွကျေးရွာကြားမှာ ဆိတ်ကျောင်းနေတဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေဆုံးသွားတဲ့ အမည်စုံစမ်းနေဆဲ အမျိုးသားကို သူနဲ့အတူပါလာတဲ့ သုံးဘီးဆိုင်ကယ်ပေါ်မှာ မီးတင်ရှို့ပြီး ချောင်းနှစ်ခွရဲစခန်းထံ ပြန်လည်ဝင်ရောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ဖို့ ကြိုးပမ်းခဲ့တဲ့ ဒေသခံအမျိုး သားဟာ မရမ်းကုန်းကျေးရွာသားဖြစ်ပြီး လက်ရှိအချိန်အထိ မီးရှို့ထားတဲ့အလောင်းကို ဘယ်သူမှ သွားမကောက်ရဲသေးဘူးလို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီနေ့ မနက်ပိုင်းကလည်း ချောင်းနှစ်ခွကျေးရွာ နတ်စင်ကုန်းအနီး လယ်ကွင်းတွေထဲမှာ စပါးရိတ်သိမ်းနေကြတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က သေနတ်နဲ့ အ ဆက်မပြတ် ပစ်ခတ်မှုကြောင့် အသက်လုထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်လော်ဘီတယ်လီဂရမ်မှာတော့ အဲဒီနေ့က ချောင်းနှစ်ခွကျေးရွာအရှေ့ဘက်မှာ တိုက်ပွဲဖြစ်ပြီး PDF တစ်ဦးကို အသေဖမ်းဆီးရမိပြီး သေနတ်တစ်လက်၊ ကျည် ၅ တောင့်နဲ့ မိုင်း ၂ လုံးသိမ်း ဆည်းမိတယ်လို့ ဝါဒဖြန့်ရေးသားထားကြပါတယ်။

စစ်တပ်ဘက်က ဝါဒဖြန့်လာတဲ့ ဓာတ်ပုံအရ သေဆုံးနေတဲ့ အမျိုးသားဟာ အကျီင်္မီးခိုရောင်၊ လုံချီအနီဖျော့ရောင်အစင်းကြားကို ဝတ်ဆင်ထားပြီး မှောက်လျက်သေဆုံးနေသလို သူ့ဘေးနားမှာ သေ နတ်တစ်လက်နဲ့ အမဲရောင်တစ်အိတ်ကို ထားရှိထားပါတယ်။

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကတော့ ချောင်းနှစ်ခွဒေသမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိတာ အချိန်တစ်လကျော်ကြာ ရှိသွားပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ ရက်ပေါင်း ၅၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ချောင်းနှစ်ခွတိုက်ပွဲကြောင့် ချောင်းနှစ်ခွ၊ လှကဇိုင်း၊ ကော့ဒူး၊ ကော့ပနော၊ မယ်တရို၊ တောင်ကလေးအပါအဝင်ကျေး ရွာပေါင်း ၂၀ ကျော်က ဒေသခံ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရတာပါ။

ချောင်းနှစ်ခွတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဟာ စစ်ရှောင်ဒေသခံတွေရဲ့ နေအိမ် ၁၀၀၀ နီးပါးက ဆိုင်ကယ်တွေအပါအဝင် တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်တာတွေ ရှိသလို နေအိမ် ၁၀၀ ကျော် မီးရှို့ ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

ပုံစာ- ချောင်းနှစ်ခွတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့စဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.