မော်လမြိုင်၊ ဖေဖော်ဝါရီ ၉

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြေညာခဲ့တဲ့ ဘုံသဘောရပ်တည်ချက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ နဲ့ တိုင်းရင်သားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ စုရုံးသ‌ဘောတူညီမှု ပါဝင်‌စေဖို့ ဆက်ကြိုးပမ်းမယ်လို့ NUG က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအဖြစ်တဲ့ ကရင်အဖွဲ့ KNU၊ ကရင်နီအဖွဲ့ KNPP၊ ချင်းအဖွဲ့ CNF တို့က နိုင်ငံရေးဘုံသဘောရပ်တည်ချက်ကို ကြေညာခဲ့တာပါ။

အဲဒီဘုံသဘောတူညီချက်ဟာ NUG ရဲ့ တိုင်းရင်းသားမဟာမိတ်အစုအဖွဲ့တွေဖြစ်တဲ့ K3C လို့ ခေါ်တဲ့ KIO, KNU, KNPP, CNF တို့နဲ့ လောဆယ်မှာ သဘောတူညီချက် ခိုင်ခိုင်မာမာရရှိထားပြီး တိုင်းရင်း သားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ စုရုံးသဘောတူညီစေမှုကို ဆက်လက်ကြိုးပမ်းရမယ်လို့ NUG ယာယီသမ္မတက ပြောကြားခဲ့တာပါ။

တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ သဘောတူညီမှုကို ရဖို့ ကြိုးပမ်းရာမှာ မြောက်ပိုင်းမဟာ မိတ် ၃ ဖွဲ့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ ယာယီသမ္မတပြောကြားခဲ့တဲ့ ဘုံသဘောရပ်တည်ချက်နဲ့ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA တို့ရဲ့ သဘောထားသိရှိနိုင်ဖို့ ပြောခွင့်ရသူတွေကို ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်က မြောက်ပိုင်းအဖွဲ့ KIA က ဘုံသဘောရပ်တည်ချက်မှာ ပါဝင်လာတဲ့အတွက် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကလည်း ပါလာနိုင်တယ်လို့ သုံး သပ်ပါတယ်။

“မြောက်ပိုင်း ၃ ဖွဲ့က သူတို့သီးသန့်ထုတ်တဲ့ ကြေညာချက်တွေမှာလည်း ကျန်တဲ့နွေဦးတော်လှန်ရေးထဲက ပြည်သူလူထုတစ်ရပ်လုံးနဲ့လည်း သူတို့ဆက်ပြီး ပူးပေါင်းမယ်လို့ ပြောနေတာရှိလာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆို KIA ကလည်း ဝင်ထောက်ခံနေပြီကိုး။ အဲဒီတော့ မြောက်ပိုင်းအဖွဲ့ ၃ ဖွဲ့ကလည်း အစကသူတို့ မြောက်ပိုင်းမှာ ၇ ဖွဲ့ရှိတာလေ၊ ၃ ဖွဲ့ က သက်သက်ထွက်သွားတာ။ သူတို့ ထွက်ချင်လို့ မဟုတ်ဘူး။ စစ်ကောင်စီက မဖိတ်တဲ့အဖွဲ့ ၃ ဖွဲ့ဆိုပြီး ကျန်ခဲ့ရှာတာဖြစ်တာကိုး။ အဲဒီ‌တော့ (ဘုံသဘောရပ်တည်ချက်မှာ) ပါလာနိုင်ပါတယ်။ NUG ကလည်း ပါလာ‌အောင် လုပ်မယ့်ပုံပဲ။ သူတို့ ကြိုးစားမယ်လို့ ပြောနေတာကိုး၊ ပါလာနိုင်ပါတယ်”လို့ ဆိုပါတယ်။

ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက TNLA သိမ်းပိုက်ထားတဲ့ မြို့တွေကို NUG ရဲ့ ဖက်ဒရယ်ရေးရာ ဒုဝန်ကြီးမိုင်းဝင်းထူးက ဖေဖော်ဝါရီပထမပတ်အတွင်း TNLA အဖွဲ့ ထိပ်ပိုင်းခေါင်း ဆောင်တွေနဲ့အတူ ကွင်းဆင်းကြည့်ရှုခဲ့တာပါ။

NUG နဲ့ K3C တို့ရဲ့ ဘုံသဘောရပ်တည်ချက်မှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အဆုံးသတ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အ ပြီးတိုင်ဖျက်သိမ်းဖို့နဲ့ အဲဒီဥပဒေကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ဖို့ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

ယာယီသမ္မတကတော့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေကလည်း ဘုံသ ဘောထားရပ်တည်ချက်မှာ တိုက်ရိုက်ပါဝင်လာစေရေးကို အစဉ်တစိုက် ကြိုးပမ်းတည်ဆောက်ရမယ်လို့ ပြောဆိုထားပါတယ်။

တစ်ဖက်မှာတော့ ၂၀၂၄ ခုနှစ်မှာ စစ်အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းတဲ့ မှတ်တိုင်နှစ်အဖြစ် မဟာမိတ်တွေနဲ့ အားလုံးအတူတကွ အစွမ်းကုန် ပူးပေါင်းလုပ်ဆောင်သွားကြဖို့ NUG အစိုးရက အသင့်ဖြစ်နေပြီလို့ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အ သိပေးပြောကြားထားတာပါ။

စစ်ရေး၊နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မြေပြင်အခြေအနေအရ AA တစ်ဖွဲ့သာ ရခိုင်မှာ အပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် အခုနှစ်အတွင်း စစ်အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းရေးဟာ မျှော်လင့်ချက်သာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အရှေ့မြောက်မှာရှိတဲ့ ညီနောင်သုံးဖွဲ့ကလည်း TNLA နဲ့ MNDAA က စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားပြီးတော့ AA တစ်ဖွဲ့ပဲ ရခိုင်ပြည်နယ်မှာ အပြင်းအထန်ထိုးစစ်ဆင်နေတာ ဖြစ်တယ်။ အဲဒါလည်း မပြီးမြောက်သေးပါဘူး။ ဒါကြောင့် အလုံးစုံနေပြည်တော်ကို စစ်ကြောင်းအားလုံး ချီတက်နိုင်မယ့် အခြေအနေတစ်ခုတော့ မရောက်ရှိသေးပါဘူး။ ဒါကြောင့်မို့ ဒါဟာ မျှော်လင့်ချက်သာဖြစ်ပြီး လက်တွေ့ မြေပြင်အခြေအနေကတော့ အဲဒီလောက် အဆင့်ထိရောက်မလား၊ မရောက်ဘူးလားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်”လို့ သူက ဆိုပါ တယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာနှောင်းပိုင်းကစတင်ပြီး ၁၀၂၇ စစ်ဆင်ရေးကို ကြေညာကာ မြို့သိမ်း စခန်းသိမ်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ကို အရေးမလှဖြစ်စေခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ မဟာမိတ်သုံးဖွဲ့ရဲ့ ထိုးစစ်ကြောင့် မဆုတ်တမ်းခံစစ်စခန်းတွေကအစ တပ်ရင်းအလယ် ဒေသကွပ်ကဲမှုဌာနချုပ်အထိ တပ်ဖွဲ့ဝင် ၆၀၀၀ ကျော် လက်နက်ချအညံ့ခံမှုတွေကြောင့် တ ရုတ်အကူအညီနဲ့ ရှမ်းမြောက်မှာ ဇန်နဝါရီ ဒုတိယပတ်ကစပြီး နှစ်ဘက်အပစ်ရပ်ခဲ့ကြတာပါ။

ရခိုင်ဒေသမှာတေ့ာ ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ဒုတိယကစပြီး ဒီကနေ့အထိ စစ်ကောင်စီတပ်နဲ့ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး ချင်းကပလက်ဝမြို့အပါအဝင် ပေါက်တော၊ မင်းပြား၊ မြောက်ဦးနဲ့ ကျောက်တော်မြို့တို့ကို သိမ်းပိုက်ရရှိထားပါတယ်။

လက်ရှိမှာတော့ ရခိုင်၊ ကရင်နဲ့ စစ်ကိုင်းဒေသတို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက် တိုင်းရင်း သားလက် နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပေမယ့် ကျန်တဲ့ ချင်း၊ ကရင်နီ၊ ကချင်၊ မကွေးနဲ့ မွန်ဒေသတို့မှာ နှစ်ဘက်ထိတွေ့တိုက်ပွဲ အရှိန်လျော့ကျနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.