တိုကျို၊ ဖေဖော်ဝါရီ ၁၀

အမေရိကန်နဲ့ ဂျပန်ရဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေချိန်မှာ တိုကျိုအခြေစိုက် တရုတ်သံရုံးက ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးကို တားဆီးဖို့ ကြိုးပမ်းသူတွေအနေနဲ့ ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ ကြုံရမှာဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

ဒီနှစ်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်နဲ့ ဂျပန်တို့ဟာ တရုတ်ကို ပထမဆုံးအကြိမ်အဖြစ် သူတော်ကောင်းယောင်ဆောင်ထားတဲ့ ရန်သူလို့ ညွှန်းဆိုခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရသတင်းမြစ်တွေကို ကိုးကားပြီး ဂျပန်မီဒီယာတွေက ဖော်ပြထားကြပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်တိုက်ခိုက်ခံရမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့လည်း သတင်းတွေမှာဖော်ပြထားတာပါ။

တရုတ်ပြည်တွင်းရေးမှာ ကြားဝင်စွက်ဖက်ဖို့ ကြိုးစားသူတွေနဲ့ ပြန်လည်ပေါင်းစည်းရေးတားဆီး ပိတ်ဆို့သူတွေအနေနဲ့ ကြီးကြီးမားမားပေးဆပ်ရမှာဖြစ်တယ်လို့ ဂျပန်အခြေစိုက် တရုတ်သံရုံးက ဖေဖော်ဝါရီ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

၈ ရက်ကြာစစ်ရေးလေ့ကျင့်မှုအတွင်း ဩစတြေးလျစစ်တပ်လည်း ပါဝင်တယ်လို့ အမေရိကန်အင်ဒိုပစိဖိတ်ကွပ်ကဲရေး ဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဂျပန်သတင်းဌာနတွေရဲ့ ဖော်ပြချက်နဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း တရုတ်က ဂျပန်အစိုးရကို သတိပေးခဲ့ပေမယ့် ဂျပန်က သတင်းတွေထဲမှာ ဖော်ပြထားတဲ့ စစ်ရေးလေ့ကျင့်မှုပုံစံဟာ အမှန်တကယ် လေ့ကျင့်ပုံနဲ့ ကွဲလွဲနေတယ်လို့ တုံ့ပြန်ထားပါတယ်။

တရုတ်က ထိုင်ဝမ်ကို သူတို့ပိုင်ဆိုင်တဲ့ ပြည်နယ်တစ်ခုအဖြစ် ရှုမြင်ထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက အင်အားသုံးမယ်လို့လည်း ကြွေးကြော်ထားတာပါ။

တခြားနိုင်ငံအများစုလိုပဲ ဂျပန်နဲ့အမေရိကန်တို့ကလည်း ထိုင်ဝမ်ကို လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် အသိအမှန်ပြုထားတာမရှိဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

နယ်နိမိတ်ဆိုင်ရာပြဿနာတွေနဲ့ ဖူကူရှီးမား နျူကလီးယားစက်ရုံက ရေဆိုးစွန့်ထုတ်မှုတွေကြောင့် တရုတ်နဲ့ ဂျပန်ကြား ဆက်ဆံရေးတင်းမာနေပြီး အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တာဟာ တရုတ်ရဲ့အန္တရာယ်ကို တားဆီးရေး ဂျပန်ရဲ့ ကြိုတင်ပြင်ဆင်မှုဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Ref:South China Morning Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.