မော်လမြိုင် – ဖေဖော်ဝါရီ ၉ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ NUG နယ်မြေတွေအတွင်း လုံးဝခြေမချနိုင်ရေးဟာ ပထမဦးစားပေး ဖြစ်တယ်လို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် ၅/၂၀၂၄ မှာ အခုလိုပြောခဲ့တာပါ။ 

“တာဝန်ရှိသူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ထုတ်နိုင်ရေး၊ အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်ရေး၊ အကြမ်းဖက်စစ်အုပ်စု အဖွဲ့ဝင်တွေ မိမိတို့ရဲ့ နယ်မြေတွေအတွင်းမှာ လုံးဝခြေမချနိုင်ရေး စတာတွေ ကအရေးတကြီး ပထမ ဦးစားပေး လုပ်ငန်းတွေဖြစ်တယ်” လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 

စိုးမိုးထိန်းချုပ်နယ်မြေတွေရရှိနိုင်ဖို့၊ရထားတဲ့ နယ်မြေတွေဆက်လက်ထိန်းထားနိုင်ဖို့အတွက် စစ်ရေးဖိအားကသာ အထိရောက်ဆုံးဖြစ်တာကြောင့် ကာကွယ်ရေးအဖွဲ့တွေအားကောင်းစေဖို့ အားလုံးပံ့ပိုးကူညီလုပ်ဆောင်ကြရမှာဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

ဒါ့အပြင် ကာကွယ်ရေးအဖွဲ့တွေအနေနဲ့လည်း ပြည်သူတွေအားလုံး၊အဖွဲ့အစည်းတွေအားလုံးကို ကာကွယ်စောင့်ရှောက်ကြရမယ့် တာဝန်ရှိတာမို့ မြို့နယ်တွင်း တာဝန်ရှိသူအသီးသီးနဲ့ ကြိုးစား ပေါင်းစပ် လုပ်ဆောင်သွားကြဖို့ လိုအပ်မှာဖြစ်တယ်လို့ ဆိုပါသေးတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးကို NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဦးဆောင်ကာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ၊ဒုတိယဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်တွေ၊ တွဲဖက်အမြဲတမ်း အတွင်း ဝန်တွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ 

ဆက်လက်ပြီး တက်ရောက်လာကြတဲ့တာဝန်ရှိသူတွေက ၄/၂၀၂၄ မှာချမှတ်ထားတဲ့ ဆုံးဖြတ် ချက်၊ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ ပြီးစီးမှုအခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ချပြရှင်းလင်းပြီး ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.