ဂန့်ဂေါ – ဖေဖော်ဝါရီ ၈ 

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်က PDF ရဲဘော်နှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ ပျူစောထီးကျေးရွာ တွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လက်နက်တွေထောက်ပံ့ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က လက်နက်ငယ်နဲ့ စစ်သုံးပစ္စည်းတွေကို ကလေးမြို့ကတဆင့် MI – 17 နဲ့ ဟံသာဝတီပျူစောထီးကျေးရွာကို လာရောက်ပေးအပ်ခဲ့တာပါ။ 

ကလေးမြို့ကတဆင့် လက်နက်တွေသယ်ဆောင်ခဲ့တဲ့ MI-17 လေယာဉ်ဟာ မုံရွာ န.မ.ခ က တဆင့် တက်သွားတဲ့လေယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်ကရရှိထားတဲ့ ဓာတ်ပုံတွေအရ စစ်တပ်ထောက်ပံ့ပေးသွားတဲ့ လက်နက်တွေဟာ G-3 အမျိုးအစားလက်နက်ငယ် ၃၀၀ ဝန်းကျင်ရှိတယ်လို့ တွေ့ရပြီး ဘယ်လိုခွဲတမ်းချပေးဝေ မလဲဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ 

“ကလေးမြို့ကနေ လေကြောင်းနဲ့ သုံးခေါက်ပို့သွားတာ ဘေးနားကရွာတွေကိုဖြန့်ဝေမယ်လို့ သိရတယ်။ တော်တော်များပါတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်တပ်ရဲ့ လက်နက်တွေကို မြောက်ခင်ရန်း၊ဟံသာဝတီ၊လယ်ကြီး(အရှေ့၊အနောက်)ကုက္ကား၊ ဝင်ဝ၊ရွှေမြစ်သာနဲ့ ကလေးမြို့တောင်ပိုင်းက အင်းကျွန်း၊ကျောက်ပြုတ်၊ကြံသာ၊မန်တာနဲ့ ကျောက်ဆည်စတဲ့ ကျေးရွာတွေကို ဖြန့်ဝေပေးမှာဖြစ်ပြီး အဲဒီကျေးရွာတွေအားလုံးကို မြောက်ခင်ရန်းက ချုပ်ကိုင်ထားတာဖြစ်ပါတယ်။

အဲဒီကျေးရွာတွေကို လက်နက်နဲ့ ရိက္ခာကူညီပေးဖို့ ၂၀၂၃ ခုနှစ်ဩဂုတ်လထဲက ဘူးလတ်လှဆွေ အပါအဝင် မ.ဘ.သ ဘုန်းကြီးတွေက ဝိုင်းဝန်းတောင်းဆိုခဲ့တာဖြစ်ပြီး ငါးလကျော်အကြာမှာ တော့ စစ်တပ်ကလာရောက်ပေးအပ်ခဲ့တာပါ။ 

ဂန့်ဂေါနဲ့ ကလေးတောင်ပိုင်းက ပျူစောထီးကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တစ်နှစ်ကျော်ကြာ ပိတ်ဆို့ထားတာကြောင့် စားသောက်ကုန်နဲ့ လူသုံးကုန်ရှားပါးနေတဲ့အတွက် အဲဒီပျူစောထီးရွာတွေက အရပ်သားတွေကာ PDF တွေဘက်ကို လာရောက်ခိုလှုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းက ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြောက်ခင်ရန်းကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ ရဲဘော် ၅ ဦးကျဆုံးကာ YDF ရဲဘော်နှစ်ဦးကို အရှင် လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စတင်ပျံနှံ့ထားပါ တယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.