ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်စခန်းတွေကို AA အပြီးသတ်သိမ်းပိုက်

မောင်တော၊ ဖေဖော်ဝါရီ ၈

မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်းတွေလည်းဖြစ်တဲ့ ဗျူဟာစခန်းနှစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်ရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်းတွေဖြစ်တဲ့ တောင်ပြို(လက်ယာ)စခန်းကို ဖေဖော်ဝါရီ ၄ ရက်နေ့၊ တောင်ပြို(လက်ဝဲ)ကို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ရက္ခိုင့်တပ်တော် AA က အလုံးစုံသိမ်း ပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၂၀၀ ကျော်ဟာ နယ်ခြားမြစ်ဖြစ်တဲ့“နတ်မြစ်”ကို ကျော်ဖြတ်ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲ လက်နက်တွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီနဲ့ကြိုတင်ပူးပေါင်းနားလည်မှု ယူထားတဲ့ ဘင်္ဂလီလက်နက် ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ARA နဲ့ RSO တပ်ဖွဲ့ဝင်တွေဟာ စခန်းအတွင်းကနေ ရက္ခိုင့်တပ်တော် AA ကို အပြင်းအထန်ခုခံခဲ့တယ်လို့ အသိပေးထားပါတယ်။

စခန်းသိမ်းတိုက်ပွဲပြီးနောက် ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းမှုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးရပါက စခန်းအတွင်း ကျန်ရှိတဲ့ လက်နက်ခဲယမ်းတွေကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ (Taka) ၁၀ သန်းနဲ့ ဘင်္ဂလီလက်နက်ကိုင်တပ်ဖွဲ့တွေထံ ရောင်းချထားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်က ဘင်္ဂလာဒေ့ရှ်ငွေ တာကာ ၁၀ သန်းနဲ့ ရောင်းချထားတဲ့ ဗျူဟာစခန်းတွေရှိ လက် နက်ဂိုဒေါင်တွေကနေ လုယူသွားတဲ့ လက်နက်ခဲယမ်းတွေ၊ ပလတ်စတစ်လက်နက်တွေအပြင် WY မူးယစ်ဆေးဝါး ၆၉ ထုပ်နဲ့ ရေခဲ ၂၈ ထုပ်တို့ကိုလည်း ARA စခန်းအတွင်းမှ သိမ်းဆည်းရမိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ မောင်တောမြို့ရှိ စစ်ကောင်စီ နယ်ခြားတပ်စခန်းတွေကို တိုက်ခိုက်သိမ်း ပိုက်စဉ် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ RSO နဲ့ ရိုဟင်ဂျာတပ်မတော် ARA စခန်းတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ရခိုင် ပြည်နယ်နဲ့ချင်းပြည်နယ်က မြို့ ၅ မြို့ထက်မနည်း သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ ညီနောင်မဟာ မိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.