သံဖြူဇရပ်၊ ဖေဖော်ဝါရီ ၈

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းနဲ့ထင်းရှုးကျေရွာကြားမှာ ရော်ဘာခြံသွားတဲ့ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်တောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အနင်းကျေးရွာနေ အသက် ၅၀ အရွယ် ဒေါ်မလေးဟာ နေအိမ်ကနေ ထင်းရှုးကျေးရွာရှိ ရော်ဘာခြံအသွားမှာ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။

မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒေါ်မလေးဟာ ဘယ်ဘက်ခြေထောက် ပြတ်တောက်ဒဏ်ရာနဲ့ ညာဘက် ခြေထောက် စုတ်ပြဲဒဏ်ရာ အသီးသီးရရှိပြီး သံဖြူဇရပ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပါတယ်။

ဒေသခံတွေအဆိုအရ အနင်းဒေသမှာ မြေမြှုပ်မိုင်းပေါက်ကွဲဖြစ်စဉ် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးပေမယ့် စစ်တပ်အာဏာသိမ်းသုံးနှစ်အတွင်း ပထမဆုံးအကြိမ် မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်တယ်လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံတွေဟာ ရော်ဘာခြံတွေထဲ သွားဖို့ စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်ပေါ်နေပြီး မြေမြှုပ်မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ပေးဖို့ လိုလားနေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က အနင်းကျေးရွာနဲ့ထင်းရှူးကျေးရွာရှိ ရဲစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သလို စစ်ကောင်စီဘက် လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီနောက် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး တပ်အင်အား ၁၀၀ လောက်ဟာ အနင်းနဲ့ထင်းရှုးကျေးရွာတို့မှာ လာရောက်တပ်စွဲနေထိုင်နေတာ ဖြစ်ပြီး ဒီမိုင်းဟာ စစ်တပ်ထောင်ထားတဲ့ မိုင်းဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.