ရေး၊ ဖေဖော်ဝါရီ ၈

မွန်ပြည်နယ် ရေးမြို့နယ် ရွှေပြည်သာကျေးရွာရှိ စစ်ကောင်စီ သြဇာခံ ပြည်သူ့စစ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင်တွေ တပ်စွဲနေထိုင်နေတဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို မနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က ကားတစ်စီးနဲ့ ရောက်ရှိလာပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ ၁ ဦး သေဆုံးပြီးနောက် ကျန်ရှိတဲ့ပြည်သူ့စစ်အဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကတော့ ပြည်သူ့စစ်ဂိတ် တိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦး သေဆုံးနိုင်တယ်လို့ သူရဲ့ လူမှုကွန်ရက်ဖော့ဘုတ်စ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒေသခံတွေအဆိုအရ တိုက်ခိုက်ခံရတဲ့ ပြည်သူ့စစ်အဖွဲ့ဟာ ကျေးရွာအတွင်း လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျနေသူတွေဖြစ်တဲ့အတွက် ရွာခံအများစုက မနှစ်သက်ကြဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း ရေးမြို့နယ်၊ စုံနံသာကျေးရွာ ဘောလုံးကွင်းအနီးမှာ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- ရေးဘီလူး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.