မင်းပြား ၊ ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်က ကျောက်တော်နဲ့ မြောက်ဦးမြို့တို့ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီရဲ့ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အောက်ရှိ တပ်ရင်း နှစ်ခုသာ ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိပါတော့တယ်။

ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ကြား ရခိုင်က စကခ (၉) လက်အောက်ရှိ မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော်မြို့နယ်တွေမှာ ပုံမှန်တိုက်ပွဲတွေ ဆက်လက်ရှိခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ စကခ (၉) လက်အောက်ခံ လက်ကျန်တပ်ရင်းအချို့ကို ရက္ခိုင့်တပ်တော်က နေ့ညမနား တစ်လ တာနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မင်းပြားမြို့အခြေစိုက် ခမရ (၃၇၉) နဲ့ (၅၄၁) တပ်ရင်းတို့ကို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တာပါ။

မင်းပြားမြို့မှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းသုံးခုရှိပြီး ဇန်နဝါရီနှောင်းပိုင်းမှာ ခမရ (၃၈၀) တပ်ရင်းကို အလုံး စုံသိမ်းပိုက်ထားနိုင်တဲ့အတွက် ရက္ခိုင့်တပ်တော် AA အနေနဲ့ တတိယမြောက်မြို့အဖြစ် မင်းပြားကို သိမ်းပိုက်ရ ရှိခဲ့တာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ မင်းပြားမြို့ ရှိ စစ်ကောင်စီ တပ်ရင်းအားလုံံး သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး AA ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

ရက္ခိုင့်တပ်တော် AA အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်း ကျောက်တော်အခြေစိုက် ခမရ (၅၃၉) ၊ ခမရ (၃၇၄) အပြင် အမှတ် (၃၇၇) အမြောက်တပ်ရင်းနဲ့ မြောက်ဦးအခြေစိုက် ခမရ (၅၄၀) တပ်ရင်းတွေကို AA က အလုံးစုံ သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ပထမပတ်အတွင်း ကျောက်တော်အခြေစိုက် ခမရ (၃၇၆) နဲ့ မြောက်ဦးအခြေစိုက် ခမရ (၃၇၈) တပ်ရင်းတို့ကိုလည်း သိမ်းပိုက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ကျောက်တော်မြို့မှာရှိတဲ့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အောက်ရှိ မြေမြန်တပ်ရင်း ၁၀ ရင်းထဲက ကျောက်တော်အခြေစိုက် ခမရ (၃၇၅) နဲ့ မြောက်ဦးအခြေစိုက် ခမ၇ (၃၇၇) တို့ကိုသာ ဆက်လက် သိမ်းပိုက်ဖို့ ကျန်ရှိတော့တာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်ခဲ့တဲ့ ရခိုင်ဒေသ စစ်မျက်နှာမှာ ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ပလက်ဝ၊ ပေါက်တောနဲ့ မင်းပြားမြို့တို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်က ရမ်းဗြဲ၊ အမ်းနဲ့ မြေပုံမြို့နယ်တို့မှာလည်း အရင်ရက်တွေနည်းတူ တိုက်ပွဲတွေ ဆက်လက်ရှိနေခဲ့ပြီး ဘင်္ဂလား-ရခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။

AA ရဲ့ ထိုးစစ်ကြောင့် ဘင်္ဂလာ‌ဒေ့ရှ်နိုင်ငံထဲ လက်နက်နဲ့ ထွက်ပြေးလွတ်မြောက်သွားကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အရေအတွက်မှာ သုံးရက်အတွင်း ၂၀၀ အထက်ရှိသွားပြီလို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.