ရေး၊ ဖေဖော်ဝါရီ ၈

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်း ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရေးမြို့နယ် ကလော့ကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၃၁၆) အမြောက်တပ်ကနေ ပြီးခဲ့ တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ တိုက်ပွဲမရှိဘဲ ကျုံလောင်းရွာဟောင်းကျေးရွာ ထဲကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်၂ ဦးအပါအဝင် ဒေသခံအရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက ၄ ဦးဟာ ဒဏ်ရာပြင်းထန်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် နေအိမ် ၅ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ပြည်သူတချို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ ကျုံလောင်ရွာဟောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူ ၉ ဦးကို မွန်ပြည်သစ်ပါတီထိန်းချုပ် နယ်မြေဖြစ်တဲ့ ဝယ်ဇင်ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ရေးမြို့နယ်၊ အာယုတောင်နဲ့ ကွမ်ဒူးကျေးရွာထဲကို  စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှု ဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ နိုင်ဗညားလယ်နဲ့ နိုင်အောင်မငေးတို့ထံ သံလွင်တိုင်းမ်က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မွန်ပြည်သစ်ပါတီဟာ သူတို့ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု ထိန်းသိမ်းပေးကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့နှစ်တုန်းက တွေ့ဆုံစဉ် တောင်းဆိုဖူးပါတယ်။

မွန်ပြည်သစ်ပါတီဟာ ဆယ်စုနှစ်ချီ တော်လှန်ရေးလုပ်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပေမယ့် အာဏာသိမ်းမှုအတွင်း တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို ရွေးချယ်ပြီး စစ်ကောင်စီနဲ့ ၇ ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.