ကရာချီ၊ ဖေဖော်ဝါရီ ၉

ပါကစ္စတန်နိုင်ငံအနောက်တိုင်ပိုင်းမှာရှိတဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေရဲ့ ရုံးခန်းအပြင်မှာ ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် လူ ၂၈ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် လုံခြုံရေးတပ်ဖွဲ့ဝင် ငါးသိန်းကျော်ချထားသလို အရာရှိတွေက မဲရုံပေါင်း ၉ သောင်းကျော်ထံ မဲစာရွက်တွေ ဖြန့်ဝေထားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတဝှမ်းဒါဇင်နဲ့ချီတဲ့လူတွေ ပစ်မှတ်ထားတိုက်ခံခဲ့ရသလို ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းနှစ်ဦးလည်း ပစ်ခတ်ခံထားရတာပါ။

ပေါက်ကွဲမှုတွေရဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲကို အဖျက်အမှောင့်လုပ်ဖို့ ဖြစ်တယ်လို့ ဘာလူချီစတန်ပြည်နယ် ယာယီပြန်ကြားရေးဝန်ကြီး ဂျန်အချာဇိုင်က ပြောပါတယ်။

ပီရှင်ဒေသမှာရှိတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းရဲ့ ရုံးအနီး ပထမဆုံးလက်လုပ်ဗုံး ပေါက်ကွဲမှုကြောင့် လူ ၁၆ ဦးသေဆုံးထားပြီး အဲဒီဒေသဟာ အာဖဂန်နစ္စတန် နယ်စပ်က ကီလိုမီတာ ၁၀၀ အကွာ ကူယက်တာမြို့နဲ့ ကီလို ၅၀ အကွာမှာတည်ရှိတာပါ။

ကီလာဆိုင်ဖူလာမြို့မှာ ပေါက်ကွဲတဲ့ ဒုတိယအကြိမ်ပေါက်ကွဲမှုဟာ (JUI-F) ပါတီ ကိုယ်စားလှယ် လောင်းရဲ့ ရုံးခန်းအနီးဖြစ်ပွားခဲ့တာဖြစ်ပြီး လက်လုပ်ဗုံးကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။တိုက်ခိုက်မှုနှစ်ခုလုံးမှာ ထိခိုက်ဒဏ်ရာရသူ ၃၄ ဦးရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အနောက်မြောက်ပိုင်း ခိုင်ဘာပက်သွန်ခွာပြည်နယ်မှာ အဲဒီပါတီရဲ့ နိုင်ငံရေးဆိုင်ရာ စုဝေးမှုအတွင်း အသေခံ ဗုံးခွဲမှုကြောင့် ၄၄ ဦးသေဆုံးခဲ့ရပါသေးတယ်။

ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ရှုတ်ချထားပါတယ်။

ပါကစ္စတန်မှာ မဲဆွယ်ရေးလှုပ်ရှားမှုတွေကို ဖေဖော်ဝါရီ ၆ ရက်နေ့ညပိုင်းက အဆုံးသတ်ခဲ့ပြီး ပြည်သူတွေအနေနဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ မဲပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လွှတ်တော်အမတ်နေရာအတွက် ပါဝင်ယှယ်ပြိုင်မယ့်သူ ၁၈၀၀၀ ရှိပြီး လုံခြုံရေးအတွက် နေရာတိုင်းမှာ အစီစအဉ်တွေချမှတ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ ရာဖတ်က ပြောပါတယ်။

ပါကစ္စတန်ဟာ ကမ္ဘာ့ပဉ္စမမြောက် လူဦးရေအများဆုံးဖြစ်တဲ့ သန်း ၂၄၀ ထဲက ၁၂၈ သန်းဟာ မဲပေးပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.