ဆီဆိုင် – ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နဲ့ ၇ မိုင်အကွာမှာရှိတဲ့ ထီတမောင်း ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေပစ်ခတ်ခဲ့တဲ့အတွက် ဇရပ်နဲ့ ဓမ္မာရုံအဆောက်အအုံတွေ ပျက်စီးခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၇ ရက်နေ့ကပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အဲဒီနေရာတွေမှာ တိုက်ပွဲ ဖြစ်ပွားနေတာမရှိသလို PNLA တပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာလည်းမဟုတ်ဘူးလို့ ဆိုထားပါတယ်။

PNLA ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတဲ့အတွက် မြို့ဂုဏ်ဆောင် ဇဝနာရာမပရိယတ္တိ စာသင်တိုက် ပျက်စီးခဲ့ရသေးတယ်လို့ PNLA က ပြောထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့ အဲဒီစာသင်တိုက် ပျက်စီးရတာဟာ သူတို့လက်ချက်မဟုတ်ဘူး လို့ ဝါဒဖြန့် မီဒီယာတွေကတဆင့် ငြင်းဆိုထားပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ဆီဆိုင်မြို့နေရာတချို့ကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် PNLA တပ်ဖွဲ့က မြို့တွင်းနဲ့ စစ်ကောင်စီတပ်စခန်းတချို့ကို ထိန်းချုပ်ထား တာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ပအိုဝ်းပြည်သူ့စစ်အဖွဲ့နဲ့ပေါင်းပြီး ပြန်လည်ထိုးစစ်ဆင်နေ တာကြောင့် တိုက်ပွဲတွေနေ့စဉ်လိုလိုဖြစ်ပွားနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ ဒီကနေအချိန်ထိ ဆီဆိုင်မြို့နယ် အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး အပါအဝင် လေးဦးသေဆုံးထားတယ်လို့ ဒေသတွင်းအချက်အလက်တွေအရ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- PNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.