ဝါရှင်တန်၊ ဖေဖော်ဝါရီ ၉

အစ္စရေး-ဟားမာ့စ် စစ်ပွဲလိုအရေးကြီးတဲ့ ပြဿနာတွေကို သဘောထားကွဲလွဲမှုတွေနဲ့အတူ လုံခြုံရေးကောင်စီက မဖြေရှင်းနိုင်ဖြစ်နေတဲ့ အခြေအနေနဲ့အတူ ကမ္ဘာကြီးဟာ ဝရုန်းသုန်းကား ခေတ်ကာလထဲ ရောက်ရှိနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ပြောပါတယ်။

ဂူတာရက်ဇ်က တောင်ပိုင်းမြို့ရာဖာကို အစ္စရေးတပ်တွေ ဖိတိုက်မယ်ဆိုပါက လူသားချင်းစာနာ ထောက်ထားရေး အိပ်မက်ဆိုးကို ပိုမိုအခြေအနေဆိုးရွားလာစေလိမ့်မယ်လို့ ဖေဖော်ဝါရီ ၇ ရက်နေ့က ပြောခဲ့တာပါ။

လူသားချင်းစာနာထောက်ထားရေးအတွက် ချက်ချင်းအပစ်အခတ်ရပ်စဲရမှာဖြစ်ပြီး ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးရမယ့် အချိန်ကျရောက်ပြီဖြစ်တယ်လို့ ဆိုခဲ့တာပါ။

၂၀၂၄ ခုနှစ်အတွက် ဦးစားပေးလုပ်ဆောင်ရမယ့် အချက်တွေနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီနဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်တို့ကို ပြုပြင်ပြောင်းလဲရမယ်လို့ ပြောဆိုခဲ့ပြီး လုံခြုံရေးကောင်စီရဲ့ မလုပ်မဖြစ်တဲ့ အခြေအနေကြောင့် ကမ္ဘာကြီးဟာ ပိုမိုအန္တရာယ်ရှိလာနေတယ်လို့ သူက ပြောပါသေးတယ်။

ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအတွက် မေးခွန်းတွေထုတ်မယ့် အဓိကစင်္ကြန်တစ်ခုဖြစ်တဲ့ လုံခြုံရေးကောင်စီဟာ ပထဝီနိုင်ငံရေးအကွဲအပြဲတွေကြောင့် ရှေ့မတိုးနိုင်ဖြစ်နေရတယ်လို့ ဆိုပါတယ်။
ဒါဟာလုံခြုံရေးကောင်စီရဲ့ သဘောထားကွဲလွဲမှု ပထမဆုံးအကြိမ်မဟုတ်သလို အဆိုးရွားဆုံး သဘောထား ကွဲလွဲမှုဖြစ်တယ်လို့ သိရပါတယ်။

ယူကရိန်း၊ဆူဒန်၊အရှေ့အလယ်ပိုင်းနဲ့ တခြားနေရာတွေမှာ ပဋိပက္ခတွေကြောင့် လူသန်းပေါင်းများစွာ ထွက်ပြေးနေကြချိန်မှာ ကုလအထွေထွေအတွင်းရေးမှူးချုပ်က အခုလိုပြောခဲ့တာဖြစ်ပါ တယ်။

လူသားမျိုးနွယ်ဟာ အရှုံးနဲ့ပဲကြုံတွေ့ရမယ့် စစ်ပွဲတစ်ပွဲကို ဆင်နွှဲခဲ့ပြီး ကျွန်တော်တို့ရဲ့ စစ်ပွဲဟာ သဘာဝတရားဖြစ်ကာ ရာသီဥတုပြောင်းလဲမှုကို အသည်းအသန်တိုက်ဖျက်ကြရမှာဖြစ်တယ်လို့ ဆိုပါသေးတယ်။

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.