ဘီးလင်း၊ ဖေဖော်ဝါရီ ၇

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ ယားနာရောဂါတွေ ဖြစ်ပွားနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကစလို့ စစ်ရှောင်ပြည်သူတွေထဲက ကလေးသူငယ်တချို့ ဝဲနဲ့ယားနာရောဂါ စတင်ဖြစ်ပွားရာမှ ကူးစက်ပျံ့နှံ့သွားပြီးနောက် လူကြီးတွေမှာပါ ရောဂါဖြစ်ပွားမှုတွေ ရှိလာခဲ့ပါတယ်။

ရောဂါဖြစ်ပွားမှုအရ စစ်ရှောင်ပြည်သူ ၁၀ ဦးမှာ ၄ ဦးလောက် ဝဲနဲ့ယားနာရောဂါတွေ ခံစားနေရပြီး ရောဂါဖြစ်ပွားသူတွေမှာ ကလေးသူငယ်ကအစ လူကြီးတွေအထိ အရွယ်စုံပါဝင်တယ်လို့ သိရပါတယ်။

ယားနာရောဂါဖြစ်ပွားမှုဟာ စမ်းချောင်းရေတွေ ခမ်းခြောက်လာမှုနဲ့အတူ မသန့်ရှင်းတဲ့ သောက်သုံးရေတွေကြောင့် ရောဂါဖြစ်ပွားမှု မြင့်တက်လာတာဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ယားနာရောဂါတွေ ဖြစ်ပွားနေတဲ့ စစ်ရှောင်ပြည်သူတွေကို ကရင်အမျိုးသားအစည်းအရုံး KNU ဆေးအဖွဲ့တွေက ကုသမှုတွေ လုပ်ဆောင်ပေးနေပေမယ့် ဆေးဝါးလိုအပ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ကစလို့ စစ်ကောင်စီ ဝင်းတာပန်စခန်းကို ကရင်အမျိုးသားကာ ကွယ်ရေးတပ် KNDO နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ ဒီကနေ့အထိ နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတာပါ။

ဝင်းတာပန်စခန်းတိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ နီးပါး စစ်ရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးသလို စစ်ဘေးရှောင်အများစုဟာလည်း တောတောင်၊ ဥယျာဉ်ခြံတွေထဲမှာ နေထိုင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KPSN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.