ဘန်ကောက်၊ ဖေဖော်ဝါရီ ၈

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာကို အစိုးရရှေ့နေချုပ်က တော်ဝင်မိသားစုကို စော်ကားတယ်ဆိုတဲ့ စွဲချက်နဲ့ အမှုဖွင့်အရေးယူဖို့ စဉ်းစားနေတယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

၂၀၁၅ ခုနှစ်က တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုနဲ့ ပတ်သက်ပြီး သက်ဆင်ကို တိုင်ကြားထားတာဖြစ်ပြီး သူ့ရဲ့ ညီမဦးဆောင်တဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက် စစ်အစိုးရက အမှုဖွင့်ခဲ့တာပါ။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘုရင်ကို သိက္ခာတော်ရ ကိုးကွယ်စည်းကပ်ရမယ့် အရိုက်အရာမှာ ထားရမယ်လို့ သတ်မှတ်ထားပြီး တော်ဝင်မိသားစုကို စော်ကားမှုဟာ နိုင်ငံအတွင်း ကြီးလေးတဲ့ ပြစ်ဒဏ်ဖြစ်ကာ ရှုပ်ထွေးမှုတစ်ခုလည်းဖြစ်ပါတယ်။

ဒီဥပဒေဟာ ကမ္ဘာမှာအတင်းကျပ်ဆုံးဥပဒေဖြစ်တယ်လို့ဆိုနိုင်ပြီး တစ်ကြိမ်ချိုးဖောက်မှုအတွက် ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ဩဇာကြီးမားတဲ့ သက်ဆင်ဟာ အာဏာ အလွဲသုံးစားမှုနဲ့ ချမှတ်ခံရတဲ့ ထောင်ဒဏ် ၈ နှစ်ကို ရှောင်ရှားပြီး ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ရာက ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာတော့ မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိလာတာပါ။

လက်ရှိအချိန်မှာတော့ သက်ဆင်ဟာ ကျန်းမာရေးပြဿနာနဲ့ ဆေးရုံမှာ ထိန်းသိမ်းခံထားရပြီး ထောင်ထဲမှာ မနေဖူးသေးသလို သူ့အပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ်ကိုလည်း ဘုရင်က ၁ နှစ်အထိ လျှော့ချပေးထားသလို ဒီလကုန်ပိုင်းမှာ အာမခံလျှောက်ထားခွင့်ရှိနေတယ်လို့ သိရပါတယ်။

ပြည်ပမှာ ခိုလှုံနေခဲ့တာကြောင့် သူ့ကိုတော်ဝင်ဥပဒေဆိုင်ရာ တိုင်ကြားချက်ကို အရေးမယူနိုင်ခဲ့တာ ၇ နှစ်ကြာခဲ့ပြီဖြစ်တယ်လို့ အစိုးရ ရှေ့နေချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပရာယွတ် ပက်ရှ်ခွန်က သတင်းထောက်တွေကို ပြောပါတယ်။

ဘယ်အချိန်မှာအရေးယူဖို့ ဆုံးဖြတ်မယ်ဆိုတာကိုတော့ တိတိကျကျပြောထားတာမရှိဘဲ သက်ဆင်ကတော့ အမှားအယွင်း တစုံတရာ မလုပ်ထားဘူးလို့ ငြင်းဆိုထားကာ သူ့အပေါ် မျှမျှတတဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုထားတဲ့ စာတစ်စောင်ကိုလည်း အာဏာပိုင်တွေဆီ ပေးပို့ထားတယ်လို့ သိရပါတယ်။ 

သက်ဆင်အနေနဲ့ ပြန်လည်လွတ်မြောက်လာပါက သူ့ကိုရဲတပ်ဖွဲ့က ဖမ်းဆီးမှာဖြစ်ပြီး အစိုးရရှေ့နေချုပ်က သူ့အပေါ်စွဲချက်တင်ဖို့ စဉ်းစားနေချိန်အတွင်း ယာယီလွတ်မြောက်နေနိုင်တယ်လို့ ပရာယွတ်က ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ သူ့ရဲ့မဟာမိတ်တွေ ရွေးကောက်ပွဲအနိုင်ရပြီးနောက် မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး သူနဲ့ရန်သူတွေကြားမှာ တိတ်တဆိတ်နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုတစ်ခု ရယူထားတယ်လို့ ပြောဆိုတာတွေရှိပေမယ့် မဟာမိတ်တွေကတော့ ပယ်ချထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.