သရက်ချောင်း၊ ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကင်းရှေ့ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အ ရပ်သားပြည်သူ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကျေးရွာ ၃ ရွာထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ တပ်အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကနေ ကင်းရှေ့ကျေးရွာမှာ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးစဉ် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း နေအိမ်အောက်မှာ ပုန်းခိုနေတဲ့ အသက် ၆၀ အရွယ် ဒေါ်ရှင်အေးဟာ လက်နက်ကြီး ကျည်စထိမှန်တာကြောင့် အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအ ဆက်မပြတ် ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို နေအိမ်တချို့ထိခိုက်ပျက်စီးတာတွ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကြောင့် ကင်းရှေ့၊ ကြာအင်းကြက်စာပြင်၊ ဆေးဖြတ်ကုန်းကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး အနည်းဆုံးစစ်ရှောင်ပြည်သူ ထောင်နဲ့ချီရှိနိုင်တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘူးလို့ မြေပြင်စစ်ဆင်ရေးမှာပါဝင်တဲ့ PDF ရဲဘော်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီ စစ်ကြောင်းဟာ ထိခိုက်သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို ကောက် ယူပြီး သရက်ချောင်းမြို့ပေါ်ဘက်ကို ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

အလားတူ တနင်္သာရီတိုင်း ပုလောနဲ့တနင်္သာရီမြို့နယ်တို့မှာလည်း ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.