မော်လမြိုင် ၊ ဖေဖော်ဝါရီ ၆

မွန်ပြည်နယ်မှာ အာဏာသိမ်းသုံးနှစ်တာကာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်‌ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေမှာ အရပ်သား ၂၀ သေဆုံးပြီး ၆၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်က ဖော်ပြပါတယ်။

လဂွန်းအိမ်စာစဉ်ကတော့ ဒီအချက်အလက်တွေဟာ မီဒီယာတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို အဓိကထားကောက်ယူပြီး လက်လှမ်းမီသမျှ မြေပြင်အဖွဲ့အစည်းတွေဆီက ကောက်ယူထားတာလို့ ဆိုပါတယ်။

နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေ၊ စစ်ကောင်စီတပ်ကနေ ကျေးရွာတွေထဲ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၇၃၄၀၀ ကျော် နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဖော်ပြပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေအတွင်း အ ရပ်သားထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး ဖြစ်စဉ်တစ်ခုချင်းကိုတော့ မဖော်ပြထားပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ မွန်ပြည်နယ်က သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့နေပြည်သူကြားမှာ သွားလာလှုပ်ရှားနေတဲ့အတွက် Mission တွေ ဖော်ဆောင်တဲ့အခါ ပြည်သူတွေကို အတတ်နိုင်ဆုံး အသိပေးစာထုတ်တယ်လို့ ပြောပါတယ်။

“ဒါက အခုလောလောဆယ်မှာ ပြည်တွင်းစစ်ဗျ။ ပြည်တွင်းစစ်ဆိုတော့ ကျွန်တော်တို့ နိုင်ငံတကာစစ်ပွဲလိုမျိုး ဒီနေရာကစစ်ဖြစ်ပြီ။ ဒီနေရာကလူတွေ အကုန်လုံးရှောင်ကြဆိုပြီး ဒီလိုမျိုးပြောလို့ရတဲ့ အနေအထားမဟုတ်ဘူးဗျ။ ဒီပြည်တွင်းစစ်မှာ မြို့နေလူထုကြားထဲမှာပဲ ဒီကောင်တွေက (စကစတပ်) ခိုအောင်းတယ်။ သွားလာလှုပ်ရှားတယ်၊ ပြည်သူလူထုကလည်း ဒီကြားထဲမှာ သွားလာလှုပ် ရှားတာဆို‌တော့ ကျွန်တော်တို့က Missoin ဖော်တဲ့နေရာမှာ ဒီပြည်သူလူထုကြားထဲမှာပဲ Mission ဖော်ဆောင်ရတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ အနေနဲ့ အတတ်နိုင်ဆုံး ပြည်သူတွေကို အမျိုးမျိုးအသိပေးစာ အကြောင်းကြားစာတွေထုတ်ခဲ့တယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာမှာ ဖြစ်ပွားခဲ့တဲ့ ကျိုက်ထီးရိုးဘုရား တောင်တက်ကားဂိတ်အနီးမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ရာကနေ နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုအတွင်း ဘုရားဖူးအမျိုးသမီးသုံးဦး သေဆုံးခဲ့ရတာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကလည်း တော်လှန်ရေးသမားတွေအနေနဲ့ တိုက်ပွဲတွေ ဖော်ဆောင်ရာမှာ ပြည်သူတွေထိခိုက်မှုမရှိအောင် အတတ်နိုင်ဆုံး သေချာစီမံဆောင် ရွက်ဖို့သင့်တယ်လို့ ပြောပါတယ်။

“ဒီနေရာမှာ ပြောကြားလိုတာက Collateral damage(မသက်ဆိုင်သူတွေကို သေကြေထိခိုက်စေခြင်း) စစ်ပွဲတွေဆင်နွှဲရင်း Mission တွေ လုပ်ဆောင်ရင်းနဲ့ သေဆုံးတဲ့အပေါ်မှာကိုတော့ ကျွန်တော်တို့ တော်လှန်ရေးသမားတွေအနေနဲ့ အတတ်နိုင်ဆုံး ပြည်သူတွေ ထိခိုက်မှုမရှိအောင် သေချာစီမံဆောင်ရွက်ဖို့သင့်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဖြစ်နိုင်လို့ရှိရင် ပြည်သူတွေအများရှိနေတဲ့အချိန်မှာရှောင်ပြီး စစ်ကောင်စီကို ချေမှုန်းဖို့လိုပါတယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအတွင်း အများပြည်သူသွားလာနေရတဲ့ အုပ်ချုပ်ရေးရုံးအပါအဝင် လူဝင်မှုကြီးကြပ်ရေး မှတ်ပုံတင်ရုံးတွေမှာ စစ်ဆင်ရေးတွေ ဖော်ဆောင်တဲ့အခါ အထူးသတိထားဖို့ လိုတယ်လို့ သူကထောက်ပြပါတယ်။

MSRF အပါအဝင် မဟာမိတ်တပ်တွေအနေနဲ့ ပြည်သူနဲ့ နီးစပ်တဲ့ပစ်မှတ်တွေအပါအဝင် ပြည်သူတွေကို မထိခိုက်အောင် စနစ်တကျ သေချာလေ့လာစုံစမ်းပြီးမှ ပစ်မှတ်ကို ရွေးချယ်တာဖြစ်သလို ရမ်းပစ်တာမဖြစ်ဖို့ကိုလည်း ရဲဘော်တွေကို သတိပေးတာ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီစခန်းတွေ တပ်စွဲရာနေရာတွေနဲ့ နီးစပ်တဲ့ဒေသမှာ နေထိုင်သူတွေအနေနဲ့ ဝေးရာကို ရွှေ့ပြောင်းပေးဖို့နဲ့ ပြောင်းရွှေ့ပေးဖို့ အဆင်မပြေရင် တိုက်ပွဲအတွင်း အပြင်မထွက်ဘဲ လုံခြုံတဲ့ နေရာတွေမှာနေကြဖို့ ဗုံးခိုကျင်းတူးဖို့ ပြည်သူတွေကို မကြာခဏပန်ကြားထားတယ်လို့ နိုင်နဂါးက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ ဒေသခံအရပ်သားနှစ်ဦး ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့တာပါ။

မွန်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဒေသတွင်း စစ်အာဏာရှင်စ နစ်အမြစ်ပြတ်ရေးတိုက်ပွဲတွေကို အရှိန်အဟုန်မြှင့်ဖော်ဆောင်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေ မလိုအပ်ဘဲ ခရီးမသွားဖို့ ၊ ပွဲလမ်းသဘင်တွေ မဆင်နွှဲဖို့ မကြာခဏ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.