မော်လမြိုင် ၊ ဖေဖော်ဝါရီ ၆

အာဏာသိမ်းစစ်ခေါင်းဆောင် စိတ်ကူးယဉ်ထားတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့အနီး နိုင်ငံတကာအဆင့်မီလေဆိပ်နဲ့အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဖို့ ပြည်နယ်စစ်ကောင်စီဘက်က ဖိအားပေးတာတွေ လုပ်ဆောင်နေပါတယ်။

ဒီစီမံကိန်းနှစ်ခု စတင်နိုင်ဖို့အတွက် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦး ဆောင်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရုံးမှာ အစည်းအဝေး တစ်ရပ်ခေါ်ယူကျင်းပခဲ့တာပါ။

အစည်အဝေးအတွင်း စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က လက်ရှိတည်ဆောက်မယ့် လေ ဆိပ်နဲ့ဆိပ်ကမ်းစီမံကိန်းအတွက် အသုံးပြုမယ့် လယ်ယာမြေနဲ့အခြားမြေတွေကို လျော်ကြေးပေးပြီးဖြစ်တာကြောင့် အဲဒီမြေတွေကို လုပ်ထုံးလုပ်နည်းအညီ အသုံးပြုခွင့်ရရှိအောင် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တာပါ။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းမှာ အသုံးပြုမယ့် မြေယာတွေအတွက် လျော်ကြေးပေးတာ၊ မြေယာပိုင်ဆိုင်မှု ဆောင်ရွက်တာတွေအတွက် မြေယာလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အမြန်ပြီးပြတ်အောင် ဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒေသခံတစ်ဦးကတော့ စစ်ကောင်စီက လေဆိပ်စီမံကိန်းအတွက်ဆိုပြီး တူးမြောင်းတူးဖော်တာ၊ ဓာတ်အားခွဲရုံ တည်ဆောက်တာတွေကို လုပ်ဆောင်နေပေမယ့် တခြားလုပ်ငန်း လုပ်ဆောင်တာတွေတော့ မရှိသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လေယာဉ်ကွင်းအခြေအနေကတော့ ဘာမှတော့ လုပ်တာတော့မရှိသေးဘူး။ ဒါပေမယ့် သူတို့ဒီမှာတူးမြောင်းကို အရင်လုပ်နေတယ်။ ကျွန်တော်တို့ကြားတာတော့ တူးမြောင်းကတော့ ပင်လယ်ကနေသဲစုပ်ဖို့ပေါ့။ သဲလှေတွေဝင်ဖို့ဆိုပြီးတော့ အဲဒီတူးမြောင်းကနေသဲစုပ်တာ။ ဟိုဘက်မှာက ဓာတ် အားခွဲရုံတစ်ခုလုပ်တယ်။ ဓာတ်အားခွဲရုံက ဒီကော့ပရံအောက်နားမှာ ပြီးလုနီးပါး ဖြစ်နေပြီ။ လေ ယာဉ်ကွင်းနားမှာတော့ မရှိဘူး။ သူကလယ်ကြီးပဲဆိုတော့ ဒီတိုင်းပြောင်ကြီးပဲ။ ဘာမှမလုပ်ရသေးဘူး။ ကျန်တာတော့ ဘာမှမလုပ်ရသေးဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မော်လမြိုင်မြို့အနီး နိုင်ငံတကာအဆင့်မီ လေဆိပ်နဲ့အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ပြည်ထောင်စုဝန်ကြီးတွေပါ ဝင်တဲ့စီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းခဲ့တာပါ။

အဲဒီနောက် မော်လမြိုင်မြို့အနီးမှာ တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီဆိပ်ကမ်းနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် မြေဧကပေါင်း ၄၆၀၀ ကျော်ကို သိမ်းဆည်းပြီးနောက် မြေယာလျော်ကြေးပေးချေမှုတွေ လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီက တည်ဆောက်သွားမယ့် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မုဒုံမြို့နယ်ရှိ ကော့ပရံကျေး ရွာအနီးမှာ လျာထားဆောင်ရွက်နေသလို နိုင်ငံတကာအဆင့်မီဆိပ်ကမ်းကိုတော့ မုဒုံမြို့နယ်ရှိ ပင် လယ်ထွက်ပေါက်နဲ့နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာကြားမှာ တည်ဆောက်ဖို့ သတ် မှတ်ထားတာပါ။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီလုပ်ဆောင်မယ့် စီမံကိန်းဟာ မွန်ပြည်နယ်ရဲ့ဈေး ကွက်လိုအပ်ချက်အရ ကြီးကြီးမားမား မရှိတဲ့အပြင် စစ်ကောင်စီအနေနဲ့ ငွေကြေးပေါလျှံနေတာ မဟုတ်တဲ့အတွက် ဖြစ်လာနိုင်ဖို့ မလွယ်ကူဘူးလို့ သုံးသပ်ပါတယ်။

“တကယ်တမ်း စီးပွားရေးဈေးကွက်အနေနဲ့ ပြောလို့ရှိရင်တော့ ဒီပရောဂျက်အကြီးတွေက ဒီပြည် နယ်ရဲ့ အနေအထားနဲ့ကတော့ များနေသလို ဖြစ်တာပေါ့လေ။ နောက်တစ်ခုကတော့အစိုးရရဲ့ အ နေအထားပေါ့လေ။ အစိုးရရဲ့ ဘတ်ဂျက်အနေအထားတွေက သူအားစိုက်ပြီးတော့လုပ်မယ့်အနေအ ထားတော့ သိပ်မမြင်နိုင်ဘူးပေါ့လေ။ ဘာဖြစ်လဲဆိုတော့ သူရဲ့ဈေးကွက်လိုအပ်ချက်အရလည်း သိပ်ကြီးကြီးမားမားမရှိတာရယ်၊ စီးပွားရေးအရ ကြီးကြီးမားမား မရှိတာရယ်။ နောက်ဒီအစိုးရရဲ့ ငွေရေးကြေးရေး ချောင်လည်တာမမြင်ဘူးပေါ့လေ။ ဒီလောက် ကြီးမားတဲ့ ပရောဂျက်ကို ဈေး ကွက်မရှိဘဲနဲ့ လာရင်းနှီးမြှုပ်နှံထည့်လိုက်တယ် ဆိုတဲ့ဟာကတော့ သိပ်တော့မသင့်လျော်သလို မြင်တာပေါ့နော်”လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီစီမံကိန်းကြောင့် ဒေသတွင်းက ပြည်သူတချို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာနိုင်ပေမယ့် စီမံကိန်းဖြစ်မြောက်လာမှု ရှိမရှိတော့ မသေချာသေးသလို စီမံကိန်း ပြီးမြောက်ပါကလည်း ရေရှည်ဝင်ထွက်သွားလာမှုရှိမှသာ အဆင်ပြေနိုင်မှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီ အကောင်အထည်ဖော်ဆောင်ရွက်မယ့် စီမံကိန်းနှစ်ခုလုံးဟာ လူတစ်စု ကောင်းစားရေး အာဏာရှင်စီမံကိန်းမျှသာဖြစ်သလို တရားဝင်အစိုးရ မဟုတ်တာကြောင့် သူတို့ရဲ့ မြေယာသိမ်း ဆည်းတာ၊ ရောင်းချတာနဲ့ လက်ပြောင်းလက်လွှဲ ပြုလုပ်တာတွေဟာ တရားမဝင်ဘူးလို့ မွန်ပြည် နယ် လွှတ်တော်ကိုယ်စားပြုကော်မတီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.