လန်ဒန်၊ ဖေဖော်ဝါရီ ၇

ဗြိတိန်ဘုရင်ချားလ်မှာ ကင်ဆာရောဂါ တစ်မျိုးဖြစ်ပွားနေတယ်လို့ စစ်ဆေးတွေ့ရှိထားကြောင်း ဘက်ကင်ဟမ်နန်းတော်က ကြေညာထားပြီး ဘာရောဂါအမျိုးအစားလည်းဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘုရင်ဟာ ပုံမှန်ဆေးကုသမှုတွေ စတင်ခံယူခဲ့ပြီး ဒီကာလအတွင်း သူ့ရဲ့တာဝန်တွေကို ရွှေ့ဆိုင်းသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ချားလ်ဘုရင်ဟာ မကြာသေးခင်က သုတ်လွှတ်ဂလင်းကြီးမားနေတဲ့ အခြေအနေအတွက် ဆေးကုသမှုခံယူထားရပြီး သုတ်လွှတ်ဂလင်းကင်ဆာတော့ မဟုတ်ဘူးလို့ သိရပါတယ်။

သက်တော် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ဟာ လက်ရှိဆေးကုသမှုခံယူနေတာနဲ့ ပတ်သက်ပြီး အပြုသဘောရှုမြင်နေကာ တက်နိုင်သမျှ အမြန်ဆုံးတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ မျှော်လင့်ထားတယ်လို့ နန်းတော်က ဆိုပါတယ်။

လက်ရှိမှာတော့ ချားလ်ဘုရင်ဟာ သူ့မှာကင်ဆာရောဂါဖြစ်ပွားနေတာကို သားတော်တွေဆီ ကိုယ်တိုင်အကြောင်းကြားထားပြီး ဝေးလ်မင်းသားဟာ သူ့ရဲ့ခမည်းတော်နဲ့ပုံမှန်အဆက် အသွယ်ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ဆက်ဆပ်စ်မြို့စား မင်းသားဟယ်ရီကလည်း သူ့ရဲ့ဖခမည်းတော် နဲ့ စကားပြောဖြစ်ခဲ့ပြီး လာမယ့်ရက်ပိုင်းအတွက်း ဗြိတိန်ကိုပြန်လာဖို့ရှိတယ်လို့ အသိပေးထားပါတယ်။

ဘုရင်ဟာ နော့ဖိုဒ်ဒေသရှိ ဆန်ရင်ဂမ်မြို့ကနေ ဖေဖော်ဝါရီလ ၅ ရက်နေ့မနက်ပိုင်းမှာ လန်ဒန်မြို့ ကိုပြန်လည်ရောက်ရှိလာပြီး ပုံမှန်ဆေးကုသမှုတွေအပြင် လူနာတစ်ယောက်အဖြစ် စတင်ကုသမှု ခံယူနေတယ်လို့ နန်းတော်က ဆိုပါတယ်။

သူဟာ အများပြည်သူနဲ့ တွေ့ဆုံရမယ့် အခမ်းအနားတွေကို ရပ်ဆိုင်းထားမှာဖြစ်ပေမယ့် စာရွက် စာတမ်းကိစ္စတွေ၊သီးသန့်တွေ့ဆုံမှုတွေအပါအဝင် နိုင်ငံ့ခေါင်ဆောင်ရာထူးကိုတော့ ဆက်လက် ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

ဗြိတိန်မှာနိုင်ငံ့ခေါင်းဆောင်ဟာ တရားဝင်တာဝန်တွေကို မထမ်းဆောင်နိုင်တော့ချိန်မှာ ဘုရင့်နေရာကို အစားထိုးတာဝန်ယူမယ့် နိုင်ငံတော်အတိုင်ပင်ခံတွေ ခန့်အပ်ရမယ် ဖွဲ့စည်းစုံဆိုင်ရာ ယန္တရား တစ်ခုရှိနေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.