ဘန်ကောက် ၊ ဖေဖော်ဝါရီ ၇

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်လာဖို့ ရေပန်းစားခဲ့တဲ့ Move Forward ပါတီခေါင်းဆောင်ဖိထာနဲ့အတူ နိုင်ငံရေးသမား ၇ ဦးကို ၂၀၁၉ ခုနှစ်က တရားမဝင်လူထုစုဝေးမှုနဲ့ တရားရုံးက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဆိုင်းငံ့ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

Move Forward ပါတီရဲ့ တော်ဝင်ဥပဒေကိုပြင်ဆင်ဖို့ကြိုးပမ်းခဲ့တဲ့လုပ်ရပ်ဟာ နန်းတော်နဲ့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ဥပဒေဆိုင်ရာ ပြဿနာတွေနဲ့ ပိုမိုရင်ဆိုင်လာရတာပါ။

ဘန်ကောက်အခြေစိုက် ပါသွမ်ဝမ်တရားရုံးက Move Forward ပါတီရဲ့ အရင်ပါတီဖြစ်တဲ့ Future Forward ပါတီခေါင်းဆောင် ၆ ဦးကိုလည်း ဆိုင်းငံ့ထောင်ဒဏ်တွေချမှတ်ခဲ့ပြီး ဒဏ်ငွေ ၁၁၂၀၀ ဘတ်ပေးဆောင်ဖို့လည်း အမိန့်ချမှတ်ထားပါတယ်။

ဒီစွဲချက်တွေဟာ မြို့တော်ဘန်ကောက်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ထောက်ခံသူ ထောင်ပေါင်းများစွာ ပါဝင်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ ဆက်စပ်နေတယ်လို့ သိရပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ စီးပွားရေးအရာရှိ သာနာသွမ်နဲ့ လွှတ်တော်အမတ် ပီယာဘုအပါအဝင် ၈ ဦးလုံးဟာ အယူခံဝင်ဖို့ စီစဉ်ထားတယ်လို့ သူတို့ရဲ့ရှေ့နေတွေက ပြောပါတယ်။

ဖိထာအနေနဲ့ အယူခံမအောင်မြင်ခဲ့ပါက တရားရုံးက သူ့အပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို အတည်ပြုနိုင်တဲ့အတွက် လွှတ်တော်အမတ်အဖြစ်ကပြန်ပြီး ထုတ်ပယ်ခံရနိုင်တယ်လို့ လေ့လာသူတွေက ဆိုနေကြပါတယ်။

ထိုင်းဥပဒေအရ ရာဇဝတ်မှုကျူးလွန်ထားသူတစ်ဦးဟာ လွှတ်တော်အမတ်အဖြစ်တာဝန်ထမ်း ဆောင်ခွင့်ရှိမှာမဟုတ်ဘူးလို့ ပြဌာန်းထားတဲ့အတွက် Move Forward ပါတီဟာ ဖျက်သိမ်းခံရနိုင်တဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပြီး ခေါင်းဆောင်တွေလည်း နိုင်ငံရေးလောကကနေ တားမြစ်ခံရနိုင်တယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် ရှေ့နေတွေနဲ့ သူတို့ရဲ့ ပြိုင်ဘက်ပါတီတွေက ဥပဒေအရ တောင်းဆိုမှုတွေ စတင်လာရင် Move Forward ပါတီ ဆက်လက်ရပ်တည်ဖို့ အန္တရာယ်ရှိလာနိုင်တာပါ။

နိုင်ငံရေးအပေါ်စစ်တပ်ဩဇာလွှမ်းမိုးမှုကို လျှော့ချရေး စီးပွားရေးကိုလည်း တစ်ဦးတည်းကြီးစိုး လုပ်ကိုင်မှုတွေ ဖယ်ရှားရေးအပါအဝင် နန်းတော်ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို လျှော့ချဖို့ မဲဆွယ်မှုနဲ့ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ Move Forward ပါတီဟာ လွှတ်တော်တွင်း အင်အားအများဆုံး ပါတီတစ်ခုဖြစ်ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.