မော်လမြိုင်၊ ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၂ ခုကို ရက္ခိုင့်တပ် တော် AA က ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဖေဖော်ဝါရီ ၅ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ကျောက်တော်အခြေစိုက် စစ်ကောင်စီရဲ့ စကခ (၉) လက်အောက်ခံ ခမရ (၃၇၆) တပ်ရင်းတစ်ရင်းလုံးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ဦးအခြေစိုက် စစ်ကောင်စီရဲ့ စကခ (၉) လက်အောက်ခံ ခမရ (၃၇၈) တပ်ရင်းကိုလည်း ဖေ ဖော်ဝါရီ ၅ ရက်နေ့ မနက် ၉ နာရီခွဲအချိန့်မှာ အပြီးသတ်ချေမှုန်းသိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

AA အနေနဲ့လည်း မင်းပြား၊ ကျောက်တော်နဲ့မြောက်ဦးမြို့မှ လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီ လက်ကျန် တပ်စခန်းအချို့ကို ဆက်လက်ချေမှုန်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတာကြောင့် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲ တွေ ဆက်လက်ပြင်းထန်နေတယ်လို့ အသိပေးထားပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ မပြင်ထန်းသေးတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနဲ့ အမ်းမြို့ပတ်ဝန်းကျင်မှာလည်း စစ်ကောင်စီဘက်မှ လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်လျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ၂ ခု သိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.