မော်လမြိုင်၊ ဖေဖော်ဝါရီ ၆

လွတ်လပ်မှု တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ကော်သူးလေ(ကရင်ပြည်) တည် ထောင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြား လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဖွဲ့စည်းတည် ထောင်ခြင်း ၇၇ နှစ်ပြည့်နေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်တာဖြစ်ပါတယ်။

နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေရှိတာနဲ့အညီ KNU ဟာ နိုင်ငံရေးမဟာဗျူဟာ နည်းဗျူဟာတွေကို ဦးဆောင်လမ်းညွှန်ချမှတ်လျက် အချိန်နဲ့အမျှ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ KNU ဥက္ကဌက အသိပေးထားပါတယ်။

ကရင်လူမျိုးတို့ဟာ လူမျိုးတမျိုးအဖြစ် ငြိမ်းချမ်းစွာနဲ့ ဖိနှိပ်ချုပ်ခြယ် အနိုင်ကျင့်မှုကင်းလျက် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ နိုင်ငံရေးအာမခံချက် အပြည့်အဝရှိရမှာဖြစ်ပြီး ဒီအတွက် လွတ်လပ်မှု တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝအရှိတဲ့ ကော်သူးလေ(ကရင်ပြည်)ကို တည်ထောင်ရမယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

တစ်ချိန်ထဲမှာပဲ လူမျိုးတိုင်း ဒီမိုကရေစီ အခွင့်အရေးအပြည့်အဝရှိလျက် အမျိုးသားတန်းတူညီမျှမှုရှိပြီး လူမျိုးတိုင်းရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိမှုကိုအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုကို တည်ဆောက်သွားရမှာဖြစ်သလို အဲဒီအခွင့်အရေးတွေ ပြည့်ဝစွာရရှိမှုဟာ နိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောင်ခြင်းပင်ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေရရှိဖို့အတွက် ရုန်းကန်လှုပ်ရှားဆောင်ရွက်နေရဆဲ ကာလဖြစ်တဲ့အားလျော်စွာ တော်လှန်ရေးစိတ်ဓာတ် အမြဲတမ်းရှိနေရမှာဖြစ်ပြီး ကြုံတွေ့ လာရတာတွေကို ရင်ဆိုင်ကျော်လွှားဖို့ ဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။

KNU ခေါင်းဆောင်တွေအနေနဲ့ KNU ဟာ ကရင်လူမျိုးတို့ရဲ့ အနာဂတ်ကံကြမ္မာအတွက် အရေးကြီးတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို နှလုံးသွင်းလက်ခံထားရမှာဖြစ်ပြီး ကရင်အမျိုးသားအစည်းအ ရုံးရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ပြည့်မြောက်တဲ့အထိ အတူပူးပေါင်းဆောင်ရွက်သွားကြဖို့ သဝဏ် လွှာမှာ ပဒိုစောကွယ်ထူးက တိုက်တွန်းထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ အာဏာသိမ်းစစ်တပ် ပြုတ်ကျရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတဲ့ ဝါရင့်တိုင်းရင်းသား လက်နက်ကိုင်အစည်းအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.