လွိုင်ကော် – ဖေဖော်ဝါရီ ၅

ကရင်နီပြည်နယ်၊လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေထဲမှာ လွတ်ရက်စေ့နေသူတွေရှိနေပေမယ့် စစ်ကောင်စီက ပြန်မလွှတ်ပေးသေးဘဲ ဖမ်းချုပ်ထား ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPMN ကထုတ်ပြန် ထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် အကျဉ်းသားတွေရဲ့ လုံခြုံရေးအကြောင်း ပြချက်နဲ့ အကျဉ်းသား ၂၀ လောက်ကို ပြန်မလွှတ်ပေးတာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့တဲ့ ရိုးရိုးအကျဉ်းသား ၁၄ ဦးနဲ့ လွတ်ရက်စေ့နေတဲ့ နိုင်ငံရေးအကျဉ်းသား ၆ ဦးပြန်လွှတ် ပေးဖို့ အကျဉ်းဦးစီးဌာနဆီ မိသားစုဝင်တွေ ဆက်သွယ်ခဲ့ပေမယ့် အကျဉ်းဦးစီးဌာနက မလွှတ်ပေးဘူးလို့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အကျဉ်းဦးစီးဌာနအနေနဲ့ အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပါက ကရင်နီတော်လှန်ရေးတပ်တွေက ဆက်လက်တာဝန်ယူသွားမှာဖြစ်တယ်လို့ PPMN ပြောခွင့်ရ ကိုသိုက်ထွန်းဦးက သံလွင်တိုင်းမ် ကို ပြောပါတယ်။

“စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနအနေနဲ့ လွတ်ရက်စေ့နေပြီဖြစ်တဲ့ အကျဉ်းသားတွေကို လူ့အခွင့်အရေးအရ ပြင်ပမှာ လွတ်လပ်စွာ သွားလာခွင့်ရရှိရေးအတွက် အမြန်ဆုံးလွှတ်ပေး သင့်ပြီး။ ထောင်တံခါးရဲ့ထိပ်ဝကို ပို့ပေးပြီးပြီဆိုရင် အကျဉ်းသားတွေကို မိသားစုဝင်တွေဆီ လုံလုံခြုံခြုံ အေးအေးချမ်းချမ်းနဲ့ ကောင်းမွန်စွာပြန်လည်ရောက်ရှိရေးကိုတော့ ကရင်နီ တော်လှန်ရေး တပ်ဖွဲ့တွေကတာဝန်ယူသွားမယ်လို့ ကျွန်တော်ယုံကြည်ထားတယ်”လို့သူက ပြောပါတယ်။

အခုလိုစစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ လွတ်မြောက်အကျဉ်းသားတွေနေရပ်ပြန်နိုင်ဖို့ကို လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင် ရာ ညှနှိုင်းရေးရုံး UNOCHA တို့က ကြားဝင်စေ့စပ်ကူညီဆောင်ရွက်ပေးကြဖို့ ကရင်နီနိုင်ငံရေး အကျဉ်းသားများအစဉ်းအရုံး KPPA နဲ့ PPMN တို့က ပူးတွဲထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ရဲနဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေဟာ အကျဉ်းသားတွေကို ဖိနှိပ်မှုတွေပြုလုပ်နေသလို တိုက်ပွဲတွေမှာလည်း လူသားဒိုင်းအဖြစ် အသုံးပြုနိုင်ခြေရှိနေတယ် လို့ PPMN က အသိပေးထားပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်း ကာလအတွင်း ကရင်နီမှာ နိုင်ငံရေးအကျဉ်းသား ၁၅၀ အထိရှိနေတယ်လို့ ဆိုထားပါတယ်။

အကျဉ်းသားတွေကိုဖိနှိပ်မှုတွေရှိနေတဲ့ လွိုင်ကော်ထောင်ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပေမယ့် စစ်ကောင်စီတပ်က အကျဉ်းစားတွေကို လူသားဒိုင်းအဖြစ်အသုံးချနေတာကြောင့် မသိမ်းပိုက် နိုင်သေးတာဖြစ်တယ်လို့ KNDF တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ လွတ်ရက်စေ့အကျဉ်းသားတွေကို လွှတ်မပေးတာဟာ လူ့အခွင့်အရေးအရ လွတ်လပ်စွာ သွားလာခွင့်ကိုဖောက်ဖျက်တာဖြစ်တဘ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက အသိပေးထားပါတယ်။ 

ဒါ့အပြင် နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲကို ဝင်ရောက်ကြည့်ရှုခွင့်ရဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC တာဝန်ရှိသူတွေက ပြီးခဲ့တဲ့နှစ်အတွင်း မီဒီယာတွေမှာ ဖြေကြားထားပါတယ်။

လွိုင်ကော်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၅၀၀ ကျော်ရှိနေပြီး သူတို့တွေ ဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်နဲ့ စားနပ်ရိက္ခာအခက်အခဲတွေရှိနေတဲ့အတွက် ကျန်းမာရေး ထိခိုက်မှုတွေရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.