အစ္စလာမ်မာဘက်၊ ဖေဖော်ဝါရီ ၆

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနဲ့ ဇနီးဖြစ်သူ ဘူရှရာ ခန်းတို့ရဲ့ ၂၀၁၈ ခုနှစ်က လက်ထပ်မှုဟာ ဥပဒေချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး တရားရုံးက ထောင်ဒဏ် ၇ နှစ်စီနဲ့ ဒဏ်ငွေ ဒေါ်လာ ၁၈၀၀ ချမှတ်ခံခဲ့ရတယ်လို့ သက်ဆိုင်ရာပါတီက ပြောပါတယ်။

အခုပြစ်ဒဏ်ဟာ ဒီတစ်ပတ်အတွင်း အီမရန်ခန်းအပေါ် တတိယအကြိမ်မြောက် ချမှတ်တဲ့ ပြစ်ဒဏ်ဖြစ်ပြီး သူပါဝင်ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ တားမြစ်ထားတဲ့ ရွေးကောက်ပွဲမတိုင်ခင် ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ပါကစ္စတန်နိုင်ငံရဲ့ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး သူ့အပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို တပေါင်းတည်းကျခံရမှာလားဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုထားပါတယ်။

အီမရန်ခန်းအနေနဲ့ အစိုးရရာထူးကို ၁၀ နှစ်အထိ ထမ်းဆောင်ခွင့်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ထားသလို လတ်တလောမှာတော့ စစ်တပ်အခြေစိုက်ထားတဲ့ ရာဝယ်ပင်ဒီမြို့က အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပြီး သူ့ရဲ့ဇနီးဖြစ်သူကတော့ အစ္စလာမ်မာဘက်မြို့အနီးက သူတို့ရဲ့အိမ်မှာပဲ နေအိမ်အကျယ်ချုပ်ကျခံနေရတယ်လို့ သိရပါတယ်။

မျက်မြင်သက်သေတွေကို အပြန်အလှန်မေးမြန်းမှုမရှိဘဲ အလျင်စလိုအမိန့်ချမှတ်ခဲ့တာဟာ တရားဥပဒေကို လှောင်ပြောင်မှုဖြစ်တယ်လို့ ခန်းရဲ့ပါတီ PTI ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘူရှရာဟာ ပထမအိမ်ထောင်နဲ့ကွာရှင်းပြီးနောက် အီမရန်ခန်းနဲ့ လက်ထပ်ချိန်မှာ ဘသာရေးအရ သတ်မှတ်စောင့်ဆိုင်းကာလကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

သူတို့နှစ်ဦးဟာ အီမရန်ခန်း ပထမအကြိမ်ဝန်ကြီးချုပ်ဖြစ်မလာခင် ၇ လအလို ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ဘူရှရာနဲ့ လူမသိသူမသိ အခမ်းအနားပြုလုပ်ပြီး လက်ထပ်ခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်က ဘူရှရာရဲ့ ခင်ပွန်းဟောင်းကလည်း အီမရန်ခန်းကို တရားစွဲဆိုခဲ့တယ်လို့ ပြည်တွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အီမရန်ခန်းကတော့ သူ့ရဲ့ဇနီသည်ကို ဘာသာရေးဆိုင်ရာခေါင်းဆောင်လို့ မကြာခဏခေါ်ဝေါ်လေ့ ရှိပြီး ထူးဆန်းတဲ့စွမ်းအင်တွေရှိသူဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.