မနီလာ၊ ဖေဖော်ဝါရီ ၆

သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက တောင်ပိုင်းကျွန်းတချို့ကို နိုင်ငံကခွဲထုတ်မယ်လို့ ပြောဆိုခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရက နိုင်ငံပြိုကွဲအောင်လုပ်ဖို့ ကြိုးပမ်းသူတွေကို အင်အားသုံးနှိမ်နင်းဖို့ အသင့်ရှိတယ်လို့ လုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဖာဒီနန်မားကိုစ့်နဲ့ မဟာမိတ်ဖွဲ့မှုတစ်ခု ပျက်ပြယ်သွားပြီးနောက် ဒူတာတေးက သူ့ရဲ့မွေးရပ်မြို့ဖြစ်တဲ့ မင်ဒါနာအိုကို နိုင်ငံက ခွဲထုတ်ပြီး လွပ်လပ်ရေး ကြေညာဖို့ တောင်းဆိုထားတာပါ။

၁၉၈၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်တာဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ပိုမိုလွယ်ကူစေဖို့ ဖြစ်တယ်လို့ မားကိုစ့်က ဆိုထားပေမယ့် ဒူတာတေးကတော့ အာဏာဆက်ယူချင်လို့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ အက်ဂွါဒို အေနိုက မင်ဒါနာအိုဒေသကို ခွဲထုတ်ဖို့ ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး အစိုးရကို ပုန်ကန်ဖို့ ကြိုးပမ်းမှုတွေအတွက် အင်အားသုံးနှိမ်နင်းသွားမှာဖြစ်တယ်လို့ ဆိုထားပေမယ့် ဒူတာတေးရဲ့ နာမည်ကိုတော့ ထည့်သွင်းပြောဆိုခဲ့တာမရှိပါဘူး။

ဒါ့အပြင် ခွဲထုတ်ဖို့တိုက်တွန်းမှုတွေကြောင့် ခွဲထွက်ရေးအဖွဲ့ဟောင်းတွေနဲ့ အစိုးရ ရယူထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုကို ပြောင်းပြန်လှန်သလို ဖြစ်သွားစေနိုင်တယ်လို့ သူက ပြောပါသေးတယ်။

အစိုးရက သောင်းကျန်းသူတွေနဲ့ အစွန်းရောက်တွေကို နှိမ်နင်းဖို့ ကြိုးပမ်းနေချိန် မင်ဒါနာအိုမှာ အကြမ်ဖက်မှုတွေ တိုက်ပွဲတွေ ဆယ်စုနှစ်များစွာ ကြာအောင်ဖြစ်ပွားခဲ့ပြီး ကျေးရွာအများစုဟာ ဆင်းရဲမွဲတေနေတာပါ။

အဲဒီဒေသရဲ့ အကြီးမားဆုံးသူပုန်အဖွဲ့(MILF) ဟာ ၂၀၁၄ ခုနှစ်က အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး မွတ်စလင်အများစုနေထိုင်ရာ ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေး လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုကို စွန့်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒေသဆိုင်ရာ ဝန်ကြီးချုပ်ကတော့ မိမိတို့အနေနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှု အလေးထားဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဖိလစ်ပိုင်ကာကွယ်ရေးဦးစီးချုပ် ရိုမီရို ဘရော်နာကတော့ မိမိတို့စစ်သားတွေဟာ စည်းလုံးမှုရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကွပ်ကဲအုပ်ချုပ်မှုအပေါ် သစ္စာစောင့်သိဆဲဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.