ဒီးမော့ဆို ၊ ဖေဖော်ဝါရီ ၅

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်း ဒေါဆီအီကျေးရွာမှာရှိတဲ့ စစ်ရှောင်စာသင် ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ၄ ဦး သေဆုံး ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ  ၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စာသင်ကျောင်းကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ၃ ကြိမ်တိုင်လာရောက်ပစ်ခတ်ခဲ့တာပါ။

လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“လေယာဉ်နဲ့ပစ်ပြီးတော့ လက်နက်ကြီးတွေလည်း ထပ်ပစ်တယ်ဗျ။ဆက်တိုက်ပစ်နေတော့ အစောပိုင်းမှာ ကျောင်းအနားကပ်လို့တောင်မရဘူး။ ကလေး ၄ ဦးကတော့ ပြင်းပြင်းထန်ထန် နဲ့ကိုသေဆုံးခဲ့ရပါတယ်။ ဆရာတွေလည်းထိခိုက်မှုရှိတယ်”လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေမဖြစ်ပွားတာ လနဲ့ချီကြာမြင့်နေပြီဖြစ်သလို ကရင်နီပြည်နယ်က စစ်ဘေးရှောင် ၂ သိန်းနီးပါးခိုလှုံနေတဲ့ နေရာဖြစ်တယ်လို့ လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ကာလတွေကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေဟာ စစ်ရှောင်စာသင်ကျောင်းတွေအနီး ကျရောက်ပေါက်ကွဲတာတွေရှိပေမယ့် ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.