တနင်္သာရီ၊ ဖေဖော်ဝါရီ ၅

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်ငယ်ရွာအနီးဝန်းကျင်ကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့လာရောက်ဗုံးကြဲသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

စစ်ကောင်စီရဲ့ Mi 35 စစ်ရဟတ်ယာဉ်ဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မောတောင်ငယ်ကျေးရွာနဲ့ မြိတ်-မောတောင်လမ်းပိုင်းပေါ်ကို ဗုံး ၁၁ လုံးကြဲချခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့က တိုက်ပွဲမရှိဘဲ ဗုံးလာကြဲတာ။ ဗုံးတွေက လမ်းမကြီးပေါ်ကို ကျသလို ရွာအနီးဝန်းကျင်တွေကိုလည်းကျတာရှိတယ်။ ဗုံးတွေက လက် နက်ပင်ဖြုတ်ပြီး ပစ်ချတဲ့ ဗုံးအမျိုးအစားတွေပါ”လို့ တောင်ပိုင်းညီနောင်များတပ်ပေါင်းစုစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ဗုံးကြဲချခဲ့ပေမယ့် ဒေသခံတွေ ထိခိုက်သေဆုံးတာမရှိဘဲ ကုန်တင်ယာဉ်တစ်စီးတော့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲမှုဟာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF တွေ ရှိနိုင်မယ့် နေရာတွေကို ပစ် မှတ်ထား တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့ နယ်၊ ဘန်လောကျေးရွာနဲ့ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေး ရွာတို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းကစလို့ စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်ပြီး တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.