တနင်္သာရီ၊ ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်လောဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိအခိုက်ကျဆုံးများပြီးနောက် စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ တော်လှန် ရေးအင်အားစုတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကစလို့ တနင်္သာရီမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေဟာ ဇန်နဝါရီ ၃၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ၃ ရက်အတွင်း တိုက်ပွဲတွေပိုမို ပြင်းထန်ခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ရတဲ့အထိ အထိနာခဲ့တာပါ။

ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးရဲ့ အဆိုအရ တနင်္သာရီမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က ၂၀ နီးပါး ထိခိုက်သေဆုံးပြီးနောက် တနင်္သာရီမြို့ဘက်ကို စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်ကနေ Mi 35 လေယာဉ်နဲ့ ဗုံး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတာ ရှိနေသလို စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် တနင်္သာရီမြို့နယ်က ဒေသခံပြည်သူ ၅၀၀၀ ကျော် နေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.