မော်လမြိုင် ၊ ဖေဖော်ဝါရီ ၃
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်တာကာလအတွင်း ဒေသခံပြည်သူတွေကြား HIV ပိုးကူးစက်မှုနှုန်း သိသိသာသာမြင့်တက်လာတယ်လို့ ဆရာဝန်တွေနဲ့ HIV အရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
HIV ပိုးကူးစက်မှုနှုန်းဟာ အရင်လိုဆေးဝါး လုံလောက်စွာမရရှိတာ၊ အသိပညာပေးမှု နည်းပါးတာ၊ အကာအကွယ်ပစ္စည်းတွေကို လုံလောက်အောင် မထောက်ပံ့ပေးနိုင်တာ၊ ဘားနဲ့ကလပ်တွေ ပေါ်များလာပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတွေကြောင့် ကူးစက်မှုနှုန်းမြင့်တက်တာတာပါ။
HIV ပိုးကူးစက်ခံရသူတွေကို စစ်ကောင်စီ ကျန်းမာရေးဌာနတွေက လုံလောက်တဲ့ ကုသမှုမျိုးမပေးတော့သလို အရင်ကကူညီဆောင်ရွက်ပေးနေတဲ့ ပြည်ပအဖွဲ့အစည်းတချို့ အာဏာသိမ်းမှုကြောင့် ပြန်လည်ထွက်ခွာသွားမှုတွေကလည်း ကူးစက်ခံရမှုနှုန်း မြင့်တက်လာတဲ့ အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။
ဆရာဝန်တစ်ဦးကတော့ ပြည်နယ်အတွင်း HIV ပိုးကူးစက်ခံရမှုဟာ ကူးစက်ခံထားရတဲ့သူတွေအ တွက် ဆေးဝါးပြတ်လပ်တာ၊ အသိပညာပေးမှု နည်းပါးတာအပြင် ကလပ်တွေကြောင့် လူငယ်တွေမှာ အဖြစ်များလာတာလို့ ပြောပါတယ်။
“ဖြစ်စဉ်များလာတဲ့ အကြောင်းအရင်းက AIDS ဖြစ်ပြီးသား တချို့တွေကထိန်းနိုင်တယ်။ တချို့ကမထိန်းနိုင်ဘူး။ အခုနောက်ပိုင်း ဖြစ်လာတဲ့ ပြဿနာက ဆေးပြတ်တဲ့ပြဿနာခင်ဗျ။ ဆေးပြတ်တော့ ဒီAIDSသမားတွေ ကောင်းကောင်းမထိန်းထားနိုင်ဘူး။ နောက်ပြီးတော့ အခုကျတော့ ဒီဘားတွေ၊ ကလပ်တွေက အရမ်းကြီးတွင်ကျယ်လာတယ်။ မူးယစ်ဆေးလိုဟာလေးတွေက လွယ်လွယ်ကူကူ ဝယ်လို့ရတော့ မထိန်းနိုင်မသိမ်းနိုင်ဖြစ်လာကြတယ်။ အဲဒီအခါကျတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာတွေရော၊ ဆေးသုံးတာတွေရော များလာတဲ့အခါမှာ ကူးစက်မှုတွေများလာတယ်”လို့ ဆိုပါတယ်။
ပြည်နယ်အတွင်းမှာ အာဏာသိမ်းကာလအတွင်း HIV ပိုးကူးစက်ခံရမှုအပေါ် စာရင်းကောက်ယူပြု စုထားတဲ့ အဖွဲ့အစည်းတွေ မရှိပေမယ့် ဆရာဝန်တွေနဲ့ HIV အရေးကူညီဆောင်ရွက်နေသူတွေက တော့ HIV ပိုးကူးစက်မှုနှုန်း သိသိသာသာ မြင့်တက်လာတယ်လို့ အခိုင်အမာပြောဆိုကြပါတယ်။
HIV အရေးကူညီဆောင်ရွက်နေတဲ့ လမ်းပြကြယ်အဖွဲ့ရဲ့ အချက်အလက်တွေရ နိုင်ငံတဝန်းမှာ ၂၀၂၀ ခုနှစ်တုန်းက လူ ၁၀၀ မှာ ၆ ဦးလောက်သာ ပိုးကူးစက်ခံရတာ တွေ့ခဲ့ရာကနေ ၂၀၂၁ ခုနှစ်မှာတော့ လူ ၁၀၀ မှာ ၁၃ ဦးအထိ HIV ပိုးတွေ့ရှိလာတယ်လို့ ဆိုပါတယ်။
HIV ပိုးကူးစက်မှုဟာ အမျိုးသားချင်းလိင်ဆက်ဆံသူတွေ၊ အမျိုးသမီးလို ဝတ်ဆင်နေထိုင်သူတွေနဲ့ အမျိုးသမီးလိင်လုပ်သားတွေကြားမှာ ပုံမှန်အားဖြင့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားမှာ ပိုးတွေ့ရှိမှုများခဲ့ပြီး ၂၀၂၂ ခုနှစ်ထဲမှာဆိုရင် ဒီအသက်အုပ်စုရဲ့ HIV ပိုးတွေ့ရှိမှုက ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာပါ။
HIV ဝေဒနာရှင်တွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကတော့ ဒေသတွင်းက အမျိုးသမီးတွေဟာ စားဝတ်နေရေး အခက်အခဲတွေကြောင့် ခန္ဓာကိုယ်ရင်းစားတဲ့ အလုပ်တွေ လုပ်ကိုင်လာကြတဲ့ အတွက် HIV ပိုးတွေ့ရှိမှု များလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုငယ်ရွယ်တဲ့ လူငယ်တွေ၊ အမျိုးသမီးငယ်လေးတွေပေါ့။ အမျိုးသမီးငယ်လေးတွေဆိုရင် မ ဟုတ်တဲ့ လမ်းကြောင်းတွေကို ရောက်ကုန်တယ်။ ဥပမာ-ခန္ဓာကိုယ်ရင်းစားတဲ့ အလုပ်တွေကို လုပ်လာတယ်။ ကျန်းမာရေးပိုင်းနဲ့ ပြန်ဆက်နွယ်ပြီး ပြန်ကြည့်မယ်ဆိုရင် HIVနဲ့ ပတ်သက်တဲ့ ဥစ္စာတွေ လူငယ်တွေမှာ ပိုပြီးတော့ များပြားလာတယ်။ လူငယ်လူရွယ်တွေမှာ HIV နဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ ဆိုးရွားလာတယ်။ အရင်တုန်းကတောင် ထောင့်ပေါင်းစုံ လုပ်နေရတယ်။ ဒါတောင်မှ မပြည့်စုံသေးဘူး။ အခုဆို ပိုဆိုးတာပေါ့နော်”လို့ ဆိုပါတယ်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ ၂၀၂၁ ခုနှစ်မှာ HIV ပိုးအသစ်ကူးစက်ခံရမှု ၁၁၀၀၀ ကျော်အထိ ကျဆင်းခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် ၂၀၂၂ ခုနှစ်စကလို့ HIV ပိုးကူးစက်ခံရမှုနဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်တော့တာ မရှိပါဘူး။
မွန်ပြည်နယ်မှာ HIV ပိုးကူးစက်ခံရပြီး ART ဆေး သောက်သုံးနေရတဲ့ ဝေဒနာရှင်ပေါင်း ၅၀၀၀ ကျော် ရှိနေတယ်လို့ ပြည်နယ်ပြည်သူ့ကျန်မားရေးနဲ့ကုသရေးဦးဌာနရဲ့ ၂၀၂၀ ခုနှစ်တုန်းက အချက် အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Social Media