မြဝတီ၊ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်အနီး စစ်တပ်ရဟတ်ယာဉ်တစ်စီး ပစ်ချခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ညပိုင်းမှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်မှာ မွန်ပြည်နယ် မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ လာတဲ့ စစ်ကောင်စီတပ် အမှတ် ၃၂ ဗျူဟာပူးပေါင်းတပ်ဖွဲ့ လိုက်ပါလာတဲ့ Mi – 35P Attack Helicopter တစ်စီးနဲ့ Eurocopter 365 တစ်စီးတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ် ၂ စီးဟာ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် မြဝတီမြို့ သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၆ တပ်ရင်းကို တာဝန်ချိန်းပြောင်းဖို့ လာရောက်တာဖြစ်ပြီး KNLA ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်ခဲ့ရာ Eurocopter 365 ရဟတ်ယာဉ် တစ်စီး ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ချနိုင်ခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
KNU က ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းဗီဒီယိုထဲမှာ ပျံသန်းလာတဲ့ စစ်ကောင်စီတပ် ရဟတ်ယာဉ်ကို KNLA ပူးပေါင်းအဖွဲ့တွေက ပွိုင့် ၅ စက်လက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကို တွေ့ရပြီး သေဆုံးသူတွေထဲမှာ ဗိုလ်မှူးချုပ်ဟာ တပ်မ ၄၄ တပ်မမှူးနဲ့ ဘီးလင်းမြို့အခြေစိုက် ခမရ ၉ တပ်ရင်းမှူးလည်း ပါဝင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU