ရေး၊ ဇန်နဝါရီ ၂၅
မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲထားတဲ့ မွန်ငြိမ်းချမ်းရေးကာ ကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦး ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးဟာ စုံနံ့သာဈေးမှာဈေးဝယ်ဖို့ ကားတစ်စီးနဲ့ ထွက်လာစဉ် စုံနံ့သာကျေးရွာ ဘောလုံးကွင်းအနီးမှာ ရေးဘီ လူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်က ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေကိုလည်း ရေးဘီလူးအဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ သေဆုံးသွားတဲ့ မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးရဲ့ အ လောင်းတွေကို နေ့လည်ပိုင်းအထိ လာရောက်ကောက်ယူတာ မရှိသေးဘူးလို့ ဆိုပါတယ်။
တိုက်ခိုက်ခံရတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ရေးမြို့နယ် အာယုတောင်နဲ့စုံနံ့သာကျေးရွာကြား ရှိ ခံသင်းတံတားမှာ စစ်ကောင်စီအတွက် လုံခြုံရေးယူပေးထားသလို ခရီးသွားကားတွေကိုလည်း စစ်ဆေးတာနဲ့ ငွေကြေးကောက်ခံတာတွေ လုပ်ဆောင်နေတာပါ။
တပ်ဖွဲ့ဝင် ၃ ဦး တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး နိုင်ချမ်းလဝီကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ တပ်အင်အား ၂၆၈ ဦး၊ လက်နက်ကြီး လက်နက်ငယ် ၇၂ လက်နဲ့အတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချ အလင်းဝင်ခဲ့တာပါ။
လက်နက်ချအလင်းဝင်ပြီး ၁၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media