နမ့်ဆန် – ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ဆန်မြို့အဝင် တောင်ကုန်းပေါ်မှာရှိတဲ့ စေတီတစ်ဆူကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲနေတာနဲ့ပတ်သက်ပြီး TNLA ဘက်ကပယ်ချလိုက်ပါတယ်။

စစ်ကောင်စီဝါဒဖြန့် ပြည်ကြားရေးဝန်ကြီးဌာနက နမ့်ဆန်မြို့အဝင်မှာရှိတဲ့ စေတီတစ်ဆူကို ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး TNLA ဘက်က ဘက်ဟိုးနဲ့ဖြိုချကာ ဇန်နဝါရီလ ၂၀ ရက်နေ့ မှာတော့ အပြီးတိုင်ပြိုကျပျက်စီးသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စေတီတော်အတွင်း ဌာပနာထားတဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုလည်း TNLA အဖွဲ့က ယူဆောင်သွား တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပေမယ့် TNLA ကတော့ နမ့်ဆန်မှာ စစ်ကောင်စီထောင် ထားတဲ့ မိုင်းတွေကို နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါ တယ်။

“ဒီသတင်းဟာ သတင်းတု၊သတင်းမှားသာဖြစ်ပါတယ်။ နမ့်ဆန်မြို့ကို နယ်မြေရှင်းလင်းရေးလုပ် တဲ့ ကိစ္စကလည်း တိုက်ပွဲတုန်းက စစ်ကောင်စီမိုင်းထောင်ထားတဲ့ နေရာတွေဖြစ်တယ်။ အဲဒါ ကြောင့် ကျွန်မတို့က ဒီမိုင်းတွေပြန်ဖြုတ်နေတာ၊ စေတီနဲ့ စေတီခေါင်းအနားတဝိုက်မှာ မိုင်းရှိတဲ့ နေရာတွေဆို ကျွန်မတို့ မိုင်းဖြုတ်လို့မရတဲ့ အနေအထားဆိုရင် မိုင်းရှိကြောင်းကို သတိပေးတဲ့ ပုံစံမျိုးကပ်ထားတာတွေရှိတယ်” လို့ TNLA ပြန်ကြားရေးရုံးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

နမ့်ဆန်မြို့က စစ်ကောင်စီရဲ့ ဗျူဟာကုန်းတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး TNLA ဘက်က တိုက်ခိုက်သိမ်းပိုက်ပြီး မြို့တစ်ခုလုံးကို ထိန်းချုပ်ထားတာပါ။ 

ပြီးခဲ့တဲ့ အပတ်တုန်းကလည်း လောက်ကိုင်မြို့နယ် စီအောကျေးရွာမြောက်ဘက်မှာရှိတဲ့ ဆင်ဦး ကင်းကုန်းပေါ်မှာရှိတဲ့ စေတီတော်ကို ကိုးကန့်တပ် MNDAA တပ်သားတစ်ဦးက တူနဲ့ထုနေတဲ့ ရုပ်သံ လူမှုကွန်ရက်မှာ ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီလက်ကိုင်တုတ် မဘသတွေ ဆန္ဒပြတာတွေ ရှိခဲ့ပါသေးတယ်။ 

အဲဒီလုပ်ရပ်ဟာ MNDAA ရဲ့ ညွှန်ကြားချက်မဟုတ်ဘဲ တပ်သားရဲ့ ပုဂ္ဂလိက လုပ်ဆောင်ချက် ဖြစ်သလို ကျူးလွန်သူကိုလည်း အရေးယူသွားမှာဖြစ်တယ်လို့ ပြည်သူကို အသိပေးထားပါ တယ်။ 

လက်ရှိအချိန်မှာတော့ ရှမ်းမြောက်ဒေသမှာ တရုတ်ရဲ့ဖိအားကြောင့် စစ်ကောင်စီနဲ့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့တို့ရဲ့ တိုက်ပွဲတွေမရှိတော့ဘူးလို့ သိရပြီး စစ်ကောင်စီရဲ့ တဘက်သက်ရန်စပစ် ခတ်မှုတွေသာ ရှိတော့တယ်လို့ ညီနောင်မဟာမိတ်တွေက အသိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၈၉ ရာခိုင်နှုန်းသော လူဦးရေဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့အတွက် မြေပြင် စစ်ရှုံးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေကို ဘာသာရေးမှိုင်းတိုက်ပြီး သူတို့ဘက်ပါ လာအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.