FILE PHOTO: People take part in the celebrations for the National Liberation Day near the Arch of Reunification in the city of Pyongyang, North Korea August 14, 2005/File Photo

ဆိုလ်း၊ ဇန်နဝါရီ ၂၅

မြောက်ကိုရီးယားနိုင်ငံ၊ပြုံယမ်းမြို့မှာရှိတဲ့ တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေး သင်္ကေတ တစ်ခုဖြစ်တဲ့ မော်ကွန်းတိုင်တစ်ခုကို ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ အမိန့်နဲ့ ဖြိုချ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

အထိမ်းအမှတ်ကျောက်တိုင်ကို မဖြိုချခင်မှာ တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အဓိက ရန်သူဖြစ်လာပြီး ပြန်လည်ပေါင်းစည်းရေး လုံးဝမဖြစ်နိုင်တော့ဘူးလို့ ခေါင်းဆောင် ကင်က ဆိုထားတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က မြို့တော်ပြုံယမ်းကိုရိုက်ကူးထားတဲ့ ဂြိုလ်တုပုံတွေမှာ ၂၀၀၀ ခုနှစ်က နှစ်နိုင်ငံဆွေးနွေးမှုပြီးနောက် တည်ဆောက်ခဲ့တဲ့ မော်ကွန်းတိုင်ဟာ အဲဒီနေရာမှာမရှိ တော့ဘူးလို့ မြောက်ကိုရီးယားကို စောင့်ကြည့်နေတဲ့ NK News သတင်းမှာဖော်ပြထားပါတယ်။

ပြန်လည်ပေါင်းစည်းရေး လိပ်ခုံးမော်ကွန်းတိုင်လို့ခေါ်တဲ့ အဲဒီမော်ကွန်းတိုင်ကို မြောက်ကိုရီးယားဘက်က ဖြိုချခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး ရိုက်တာက အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။

အဲဒီမော်ကွန်းတိုင်ဟာ မီတာ ၃၀ မြင့်ပြီး နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေး၊ကိုယ့်ကိုယ်ကို အားကိုးနိုင်ရေး၊ငြိမ်းချမ်းရေးနဲ့ အမျိုးသားပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ရည်ရွယ် တည်ဆောက်ထားတာဖြစ်တယ်လို့ တောင်ပိုင်းအစိုးရရဲ့ အချက်အလက်တွေအရသိရပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုကတော့ မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းတုံ့ပြန်ဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တွေ မိမိတို့ကိုတိုက်ခိုက်လာပါက တောင်ကိုရီးယားကိုရှင်းလင်းသွားမယ်တယ်လို့ ခြိမ်းခြောက်ထားပါတယ်။

နှစ်နိုင်ငံစစ်ရေးတင်းမာမှုတွေ လျှောချဖို့ ရည်ရွယ်ပြီး ၂၀၁၈ ခုနှစ်က တောင်ကိုရီးယားနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ အဓိက သဘောတူညီမှုဟာလည်း အကျုံးမဝင်တော့ဘူးလို့ မြောက်ကိုရီးယားက ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ကြေညာထားပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း မြောက်ကိုရီးယားဟာ ပင်လယ်ဝါဆီကို ခရုဇ့်ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က စွပ်စွဲထားပြီး မြောက်ကိုရီးယားပစ်ခတ်ခဲ့တဲ့ ခရုဇ့်ဒုံးကျည်တွေဟာ ကုလသမဂ္ဂရဲ့ တားမြစ်ချက်ထဲမှာမပါဘူးလို့ သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.