မော်လမြိုင်၊ ဇန်နဝါရီ ၂၃

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က KNU သထုံမြို့နယ် တက်တူးကုန်းကျေးရွာထဲကို စစ်ကောင်စီ အမှတ်(၃၁၄) အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တက်တူးကုန်းကျေးရွာနေ အမျိုးသမီး ၄ ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

အလားတူ အဲဒီနေ့မှာပဲ KNU မူးမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၆၅ နှစ်အရွယ် ဒေါ်သန်းသေဆုံးပြီး အသက် ၅၀ အရွယ် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း KNU ဖြူးမြို့နယ် ငဖယ်အင်းကျေးရွာထဲ စစ်ကောင်စီတပ် ပစ်ခတ် လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၇ နှစ်အရွယ် ညားတခြား သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် စောနေလင်းထွန်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာထဲကို နေ့စဉ်နဲ့အမျှ လက် နက်ကြီး ပစ်ခတ်တာအပြင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ KNU က ဆိုပါတယ်။

KNU နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေကြောင့် အရပ်သားပြည်သူ ၂၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.